ဇန်နဝါရီ – ၂၅ ၊ ၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
ရွေးကောက်ပွဲ ကို နိုင်ငံတကာက အသိအမှတ်ပြု ၊ မပြု နားမလည်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ (ဇန်နဝါရီလ ၂၅ ရက် )မှာ မန္တလေးက မဲရုံတွေကိုလိုက်လံကြည့်ရှုချိန်မှာပြောသွားပါတယ်။
“နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး ပြည်သူက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုမယ် ၊ဒီလိုပဲသွား ရမယ်” လို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကပြောခဲ့တာပါ။
မဲလာမပေးတဲ့သူတွေဟာ ရွေးကောက်ပွဲမှာ သူတို့ကြိုက်တဲ့သူမပါတာနဲ့ လုံခြုံရေးအခြေ အနေအရ မဲရုံဆီမလာနိုင်ကြသူတွေ ပဲဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ထည့်ပြောသွားပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းကပြောထားသလို အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံဘူးလို့ ရိုက်တာသတင်းဌာန နဲ့အင်တာဗျုးမှာသဘောထားပေးထားပါတယ်။
စစ်ကောင်စီကတော့သူတို့ ကျင်းပတဲ့ ရွေးကောက်ပွဲ ကိုနိုင်ငံတကာက အသိအမှတ်မပြုလည်းဂရုမစိုက်ဟန်ပြောဆိုထားတာရှိပါတယ်။
ရွေးကောက်ပွဲကမြန်မာလူထုကိုဗဟိုပြုတဲ့ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံ တကာကကျေနပ်တာ ၊ မကျေနပ်တာက အရေးမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းပြောထားတာလည်းရှိပါတယ်။
လူထုကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုထပ်မံ ရွေးကောက်တင်မြှောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်တပ်က မဲမသမာမှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လက်မခံဘဲ အာဏာသိမ်းခဲ့တာပါ။
အဲဒီနောက်ငါးနှစ်အကြာမှာစစ်ကောင်စီကရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပနေတာပဲဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဟာ စစ်တပ်ကျောထောက်နောက်ခံပါတီ ကြံခိုင်ရေးပါတီသာ အနိုင်ရမှာဖြစ်ပြီး ဟန်ပြကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ထုတ်ပြန် ပြောဆိုထားတာတွေရှိပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

















































