ဇန်နဝါရီ-၂၈၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးသေဆုံးပြီး ကလေး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဇန်နဝါရီ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၅ရက် ညပိုင်းက တောင်ငူလေတပ်က တိုက်လေယာဉ်ဟာ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်း ဗုံးကြဲခဲ့ခြင်းဖြစ်ပါတယ်။ ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာကို ဗုံး ၆လုံး ကြဲချခဲ့လို့ အသက်(၇)နှစ်အရွယ် ကလေးငယ် သေဆုံးကာ အသက်(၉)နှစ်၊ (၁၁)နှစ်နဲ့ (၁၃)နှစ်အရွယ် ကလေးငယ် ၃ဦးလည်း ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ လူထုနေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

စစ်ကောင်စီတပ်တွေဟာ ညောင်လေးပင်ခရိုင် အတွင်း နေ အရပ်သား ပြည်သူ နေထိုင်ရာ နေရာတွေ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဥ် တွေနဲ့ နေ့စဉ် ပစ်ခတ်နေလို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးနေရကြောင်း KNUက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်လေးပင်ခရိုင် မူးမြိုနယ် နိုတောတာရွာက အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့သလို ဇန်နဝါရီ ၂၄ရက်မှာ စစ်ကောင်စီက မူးမြိုနယ် ရေလဲအနောက်ဘက်ကမ်းရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၄လုံး ကြဲချခဲ့လို (၇၅)နှစ် အဘိုးအို အပါအဝင် ၃ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ရက်ကလည်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြိုနယ် ဇရပ်ခင်ကျေးရွာက အမျိုးသမီး တစ်ဦးဟာ စစ်တပ်လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့သလို အဲဒီနေ့မှာ မုန်းမြိုနယ် ကပ်ကြီးဆိပ်ရွာကို စစ်ကောင်စီဒရုန်းနဲ့ တိုက်ခိုက်လို အမျိုးသား ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ရက်မှာလည်း မုန်းမြိုနယ် နတ်လောင်းကြီးရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ထပ်မံ တိုက်ခိုက်လာလို အဘိုးအို တစ်ဦး သေဆုံးခဲ့ရပါတယ်။ဇန်နဝါရီ ၁၄ရက်ကလည်း မူးမြိုနယ် ဘုရားကုန်းရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိလို အဘိုးအို တစ်ဦး၊ အဘွားအို တစ်ဦးနဲ့ ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

















































