Connect with us

Hi, what are you looking for?

သတင်း

ဇေယျ၀တီသကြားစက်အနီး အင်အား ၁၁ဦးရှိစစ်တပ်ဂိတ်ကို PDF ရဲဘော်တစ်ဦးတည်း ပစ္စတိုနဲ့ဝင်ပစ်ပြီး လက်နက် ၂လက်သိမ်းနိုင်ခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျ၀တီသကြားစက်အနီး စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဧရာဝတီအမှတ်(၃)တပ်ရင်း(ဟင်္သာတ ခရိုင်အမှတ် ၂ တပ်ရင်း) ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဧရာ၀တီ အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ လက်နက် ၂လက်ရတယ်လို့ အသိပေးထားပါတယ်။

ဇေယျ၀တီသကြားစက်အနီး စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာမှာ သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - ဧရာ၀တီ အမှတ်(၃) တပ်ရင်း

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျ၀တီသကြားစက်အနီး စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဧရာဝတီအမှတ်(၃)တပ်ရင်း(ဟင်္သာတ ခရိုင်အမှတ် ၂ တပ်ရင်း) ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဧရာ၀တီ အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ လက်နက် ၂လက်ရတယ်လို့ အသိပေးထားပါတယ်။

ဖေဖော်ဝါရီ ၅ရက် ညနေ ၄နာရီခွဲမှာ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာဖြစ်ပြီး PDF ထောက်လှမ်းရေးရဲဘော်က စစ်ကောင်စီဂိတ်အတွင်း ဝင်ရောက်ပြီး 9 MM ပစ္စတို တစ်လက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဂိတ်ဟာ ဇေယျဝတီမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲတာ ငွေကြေးကောက်ခံတာ ပြုလုပ်နေတဲ့ ဂိတ်ဖြစ်ပြီး PDFရဲဘော်ရဲ့ တိုက်ခိုက်မှုကြောင့် ဂိတ်စောင့် တပ်ကြပ်ကြီး ၁ဦး သေဆုံးကာ MA3 တစ်လက် MA11 တစ်လက် ကျည်ဘောက် ၂ ဘောက် ကျည် ၄၀ တောင့် သိမ်ဆည်းရရှိခဲ့ဟု မှတ်တမ်းဓာတ်ပုံ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

သကြားစက်ဂိတ်တိုက်ခိုက်မှု ဖြစ်စဉ်ဟာ တပ်ရင်းကနေပြီးမှ ရန်သူ့အခြေအနေကို သေချာ ထောက်လှမ်းပြီးတော့မှ စနစ်တကျလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့ ဧရာ၀တီ အမှတ်(၃) တပ်ရင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဂိတ်ကတော့ အင်အား ၁၁ယောက်ရှိတာ။ အဲဒီအချိန်မှာ နှစ်ယောက်ဆီ အလှည့်ကျဂိတ်ထွက်စစ်တဲ့ အခြေအနေပေါ့။ ကျန်တဲ့ကောင်တွေက အဲဒီအချိန်ဆိုရင် ကျန်တဲ့ကောင် ၈ယောက်၊ ၉ယောက်လောက်က ဘေးနားပတ်ဝန်းကျင်မှာ ရှိနေတဲ့ အိမ်တွေထဲမှာ အရက်သောက်နေတာမျိုး အဲဒီအချိန်ဆိုရှိတယ်။ အဲဒါလည်း ကျနော်တို့ သတင်းတိတိကျကျ ကြိုပြီးရထားတဲ့အခြေအနေ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတာ မျိုး စနစ်တကျ ထောက်လှမ်းပြီးတော့မှ မစ်ရှင်ပုံစံမျိုးဖော်ဆောင်လိုက်တာ။ အဲဒီအချိန်မှာ ဂိတ်မှာရှိနေတဲ့ နှစ်ယောက်က တယောက်က သေနတ်ထားခဲ့ပြီး ကွမ်းယာဆိုင်မှာကွမ်းယာသွားဝယ်နေတာ။ ကျန်တယောက်ပဲ ရှိတဲ့အချိန်မှာ အဲဒီတယောက်ကိုပဲ ပစ်ခတ်မှု ပြုလုပ်ပြီးတော့ လက်နက် နှစ်လက်ယူပြီးပြန်ဆုတ်ခွာလာတာ” လို့ ဧရာ၀တီ အမှတ်(၃) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

PDF ရဲဘော်က ပစ္စတိုနဲ့ တချက်သာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က နောက်ထပ် သုံးမိနစ်ခန့် အကြာမှသာ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်လို့ ပြောပါတယ်။

“ည ၁၀နာရီထိုးလောက်အထိ ကျနော်တို့ စိုးမိုးနယ်မြေထဲကို လက်နက်ကြီး ပြန်ပစ်ခတ်တာမျိုးတွေတော့ရှိတယ်ခင်ဗျ။အရပ်သားထိခိုက်မှုတော့မရှိပါဘူး” လို့ ဧရာ၀တီ အမှတ်(၃) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးသတင်းကို PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း စစ်ဌာနအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာ၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာ၊ ဂိတ်စခန်းတွေ ကို တိုက်ခိုက်တာ စတဲ့ နည်းဗျူဟာမျိုးစုံနဲ့ စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ