■ လုပ်ခွင့်ရကုမ္ပဏီတွေက အစုစားချပိုင်ခွင့်မရှိလို့ပိတ်ပင်တာဖြစ်ပြီး၊ဒေသခံတွေကိုအလတ်စားလုပ်ကွက်စုပေါင်းလျှောက်ခွင့်ပြုထားလို့ NUG ပြော
ဖေဖော်ဝါရီ-၁၀ ၊ ၂၀၂၆။မိုမို/People’s Spring
ဗန်မောက်မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်တွေ လုပ်ခွင့်ရဖို့ ဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေကဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုသံယံဇာတအထူးအဖွဲ့ရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြောင့်ဆိုပြီး ရွှေလုပ်ကွက်တွေလုပ်ခွင့်ရဖို့ ဗန်းမောက်မြို့နယ်တောင်ဘက်ခြမ်းမှာဖေဖော်ဝါရီ ၉ ရက်က ဆယ်နဲ့ချီတဲ့ ဒေသခံပြည်သူတွေင ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလို့ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
“ ကုမ္ပဏီတခုကိုဧက၂၂၀ပါမစ်ပြောင်းပေးလိုက်တော့အစုစားလေးပေကျင်း(တပိုင်တနိုင်လုပ်ကွက်) အကုန်လုံး နေရာပျောက်သွားတာ။လက် လုပ်လက်စားတွေလုပ်ဖို့ အတွက်ရွှေလုပ်ကွက်ချန်ထားတာကတော့ မရှိသလောက်” လို့ဗန်းမောက် ဒေသခံတစ်ဦးက ပြောပါတယ်။
အသေးစားရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိရေး ဒေသခံနဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်က မိသားစုစားဝတ်နေရေးအတွက် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်မှုက ရည်ရွယ်တယ်လို့ အသိပေးပါတယ်။
“ လက်လုပ်လက်စားပြည်သူတွေ ရွှေတူးဖော်ခွင့်ရရှိရေး” ၊ “ ပိတ်ပင်ထားသောလုပ်ကွက်တွေ ပြန်လည်ဖွင့်ပေးရေး” ၊ “ ဒေသခံနဲ့စစ်ဘေးသင့် ပြည်သူတွေအတွက် ရွှေတူးဖော်မူဝါဒချမှတ်ပေးရေး” နဲ့ “ ဒေသပြည်သူတွေကို သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးဖို့ “ တောင်းဆိုဆော်သြမှုမှာ ပါဝင်ပါတယ်။
ဒါ့အပြင် “ NUG (အမျိုးသားညီညွတ်ရေး) အစိုးရ တို့ အစိုးရ” ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
“ ပါမစ်ပြောင်းပြီး ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးလိုက်တော့ လက်လုပ်လက်စားနေရာတွေ ပျောက်သွားတယ်” လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။
ဒါကြောင့် NUG အစိုးရရဲ့ညှိနှိုင်း မှုတွေ အဆော တလျင်လိုအပ်ပြီး ဒေသတွင်း ပြည်သူတွေရဲ့ ရပ်တည်ရေးကို စာနာပေးဖို့လည်း သူကတိုက်တွန်းပါတယ်။
အသေးစားရွှေလုပ်ကွက်ရဖို့ ဗန်းမောက်ဒေသခံအချို့ ဆန္ဒပြတဲ့ဖြစ်စဥ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုဆက်သွယ်မေးမြန်းတဲ့အခါ “ အစိုးရမူဝါဒအရ တရားဝင်လုပ်ငန်းလုပ်ပိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်ပြီး အစုစားချပိုင်ခွင့်မရှိပါဘူး။ ဒီလို လုပ်ပိုင်ခွင့်မရှိဘဲ အစုစားပြန်ချပေးတာတွေလုပ်တာကြောင့် ပိတ်လိုက်ရတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ လက်လုပ်လက်စားလေးပေပတ်လည်ကျင်းလုပ်နေသူတွေစုပြီးအများပိုင်အလတ်စားလုပ်ကွက် ပေါင်းလျှောက်နိုင်ဖို့ ခွင့်ပြုထားတာရှိပါတယ်။အဲ
ဒီလို လျှောက်ထားကြသူတွေလဲရှိပါတယ်” လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း ဗန်းမောက်မြို့နယ်က ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ရဲ့အလွဲသုံးစားမှုနဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့ပါတယ်။အဲဒီဖြစ်စဥ်မှာရွှေချောင်းတချို့နဲ့ ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
လတ်တလော ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗန်းမောက်မြို့နယ်တောင်ဘက်ခြမ်းမှာ ရွှေလုပ် ကွက် ၁၀ ခုကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းက ဗန်းမောက်မြို့နယ် ရဲ့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့ တောင်ပိုင်း မှာ ရွှေလုပ်ကွက်တွေရှိပြီးရွှေအများစုထွက်ရှိတဲ့ အနောက်ဘက်ခြမ်းကို စစ်တပ်လက်အောက်ခံရှမ်းနီတပ်-SNAက ထိန်းချုပ်ထားပြီး မြောက်ပိုင်း နဲ့ တောင်ပိုင်းကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ငါးလခန့်ကျင်ကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်နဲ့ရှမ်းနီတပ် SNA ရဲ့ ထိုးစစ်ကြောင့် မနေ့က (ဖေ ဖော်ဝါရီ ၈ ရက်)က ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ပြောထားပါတယ်။



















































