ဖေဖော်ဝါရီ-၁၆၊၂၀၂၆။People’s Spring
နိုင်ငံရဲ့သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် တီမောလက်စ်တေး အစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတီမောလက်စ်တေးသံရုံးရဲ့ အကြီးအကဲဖြစ်တဲ့ ယာယီ သံရုံးတာဝန်ခံကို ၇ ရက်အတွင်း ထွက်ခွာသွားဖို့ အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားခဲ့တဲ့နောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အရှေ့တီမော အစိုးရက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး အခုလို တုံ့ပြန်ခဲ့တာပါ။ စစ်တပ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အရှေ့တီမော အနေနဲ့ အထူးစိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
တီမောရဲ့ထုတ်ပြန်ချက်မှာတော့ နိုင်ငံအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)နဲ့ ကုလသမဂ္ဂတို့က ချမှတ်ထားတဲ့ စည်းမျဉ်း မူဝါဒ အားလုံးကို လေးစားလိုက်နာမှာဖြစ်ကြောင်း ထပ်လောင်း အတည်ပြုထားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ရေး အတွက်လည်း အစွမ်းကုန် အားပေးနေမယ်လို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
ပြီးတော့မြန်မာပြည်သူတွေနဲ့အတူတီမောလက်စ်တေးကတစ်သားတည်း ရပ်တည်မှာ ဖြစ်တဲ့အကြောင်းလည်းဖော်ပြထားပြီးစစ်တပ်ကိုလည်းလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ လက်ရှိ အကျပ်အတည်းနဲ့ ပတ်သက်ရင် ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေကနေ ဖြေရှင်းဖို့လည်း တိုက်တွန်းသွားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန် ကတည်းကစလို့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ နိုင်ငံတကာ စိုးရိမ်စရာ ကိစ္စတစ်ခုအဖြစ် တည်ရှိနေခဲ့ကြောင်းလည်း အရှေ့တီမော အစိုးရက ဖော်ပြထားပါတယ်။တီမောဟာလည်း နိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ မြန်မာပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေအပေါ် လေးစားရေးတွေကို တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။
တီမောအစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အာဂီယို ပါရဲရားက အရှေ့တီမာ နိုင်ငံဟာ မြန်မာ ပြည်သူတွေရဲ့ စိတ်ဆန္ဒ အမှန်ကို လေးစားတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကသာ မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး အဓွန့်ရှည်မယ့် ဖြေရှင်းမှုမျိုး ဆောင်ယူပေးနိုင်တယ်ဆိုတဲ့ သဘောထားကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO)က အာဏာသိမ်း စစ်တပ်အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့် တိုင်ကြားခဲ့တာကိုတီမော တရားရေးဌာနက လက်ခံခဲ့တဲ့နောက် စစ်တပ်က အရှေ့တီမော သံအရာရှိကို နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ CHROရဲ့ စွပ်စွဲချက်တွေကို လက်ခံပေးခဲ့တဲ့ အရှေ့တီမောရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကြောင်းလည်း အာဏာသိမ်း စစ်တပ်ရဲ့ ကြေ
ညာချက်ထဲမှာ ဖော်ပြထားပါတယ်။
CHRO က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုက လူပုဂ္ဂိုလ် ၁၄ ဦးကို ချင်းပြည်နယ်မှာ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအတွက် တရားစွဲဲဆိုထားတာဖြစ်ပါတယ်။
တိုင်ကြားထားမှုတွေထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်တပ်က အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ သတင်းထောက်တစ်ဦး နဲ့ ၁၃ နှစ်အရွယ် ကလေးငယ်(ကောင်လေး) တစ်ဦးအပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ သင်းထောက်ဆရာ ၃ ဦးကိုသတ်ဖြတ်မှု၊ ဆေးရုံနဲ့ ဘုရားကျောင်းတွေ ကိုအကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုစတဲ့ စစ်ရာဇဝတ်မှုတွေ ထည့်သွင်းထားတာဖြစ်ပါတယ်။
ကိုးကား- Timor-Leste Government


















































