ဖေဖော်ဝါရီ-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက်မှာ ထုတ်ပြန်လိုက်ပြီး ဥပဒေကြမ်း(မူကြမ်း)ဟာ အများပြည်သူတွေဆီက အကြံပြုချက်တွေရယူဖို့ ဖြစ်တယ်လို့အသိပေးထားပါတယ်။
“ပါရီအခြေခံမူများ”ဟု ဖော်ပြလေ့ရှိသည့် ၁၉၉၃ ဒီဇင်ဘာ၂၀ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၄၈/၁၃၄ အရ ချမှတ်ထားသော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနနဲ့ သက်ဆိုင်တဲ့ အခြေခံမူတွေနဲ့ ကိုက်ညီသော လူ့အခွင့်အရေးကော်မရှင်တရပ်ပေါ်ထွန်းရေးအတွက် “ပြည်ထောင်စုလူ့အခွင့်အရေး ကော်မရှင်ဥပဒေ” တရပ်လိုအပ် ဖော်ပြပါတယ်။
ဒါကြောင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းမိတ်ဖက်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် ဥပဒေကြမ်း (မူကြမ်း) တရပ်ကို ပြုစုပြီး အများပြည်သူထံ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
အဲဒီမူကြမ်းနဲ့ပတ်သက်ပြီး အကြံပြုချက်များကို mohr@nugmyanmar.org ထံသို့ ၂၀၂၆ မတ်လ ၂ရက်နောက်ဆုံးထား ပေးပို့နိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။
ဝန်ကြီးဌာနကထုတ်ပြန်တဲ့ မူကြမ်းမှာ အခန်း(၉) ခန်းပါရှိပြီး အမည်နဲ့ အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ကျင့်ဝတ်များ၊ ကော်မရှင်ဖွဲ့စည်းခြင်း အဆင့်အတန်းနဲ့ လုပ်ပိုင်ခွင့်များ၊ ကော်မရှင် အဖွဲ့ဝင်ရဲ့ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနဲ့ လစ်လပ်ရာထူးနေရာတွေ ဖြည့်စွက်ခန့်ထားခြင်း၊ ကော်မရှင်ရဲ့ တာဝန်ရဲ့ လုပ်ပိုင်ခွင့်များ၊ ဝန်ထမ်းဖွဲ့စည်းခြင်း၊ ဘဏ္ဍာငွေ စီမံခန့်ခွဲခြင်း၊ အထွေထွေ စတာတွေဖြစ်ပါတယ်


















































