Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရူဘီရိုရဲ့ မြူးနစ်လုံခြုံရေး ညီလာခံ မိန့်ခွန်းကို ဥရောပ မဟာမိတ် နိုင်ငံတွေ ကြိုဆို

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြားသွားတဲ့ မိန့်ခွန်းဟာ ကြိုတင် ခန့်မှန်းထားတဲ့ အခြေအနေတွေထက် ပိုပြီး ပျော့ပျောင်းပြီး သံတမန် ဆန်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးတော့ ဥရောပ မဟာမိတ်တွေရဲ့ ကြိုဆို ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြားသွားတဲ့ မိန့်ခွန်းဟာ ကြိုတင် ခန့်မှန်းထားတဲ့ အခြေအနေတွေထက် ပိုပြီး ပျော့ပျောင်းပြီး သံတမန် ဆန်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးတော့ ဥရောပ မဟာမိတ်တွေရဲ့ ကြိုဆို ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

မာကိုရူဘီရိုက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လိုလားတောင်းဆိုချက်တွေကို ထပ်မံ ပြောကြားသွားပေမယ့် အရင် အမေရိကန် အစိုးရ အရာရှိတွေနဲ့ ယှဉ်ရင် ပိုပြီး ပျော့ပျောင်းတဲ့ သဘောထား၊ လေသံမျိုးနဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မိန့်ခွန်းမှာတော့ ရူဘီရိုက အမေရိကန်ရဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို မြှင့်တင်ဖို့၊ ပိုပြီး အားကောင်းတဲ့ စစ်တပ်တွေ တည်ဆောက်ကြဖို့ ထပ်လောင်း တိုက်တွန်းခဲ့ပါတယ်။ ဒီအချက်တွေဟာ အိမ်ဖြူတော်ဆီ ထရမ့်က ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာချိန်မှာ တလျှောက်လုံး တောင်းဆိုထားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ရူဘီရိုက ဥရောပဟာ ထိရောက်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ကိုယ်ပိုင်ယဉ်ကျေးမှု ဝိသေသတွေ ပျောက်ဆုံးသွားမယ့် အခြေအနေမျိုး ခြိမ်းခြောက် ခံနေရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေ၊ သွင်ပြင်လက္ခဏာတွေကို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေအစား အင်အားကြီး နိုင်ငံတွေကသာ ဦးဆောင် ဖန်တီးသင့်တယ်လို့လည်း မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

ရူဘီရိုရဲ့ မိန့်ခွန်းဟာ ထရမ့်ရဲ့ သဘောတရား မူဝါဒတွေကိုပဲ ထပ်ပြီး ဖြန့်ဝေသွားခဲ့တာ ဖြစ်ပေမယ့် မနှစ်တုန်းက ညီလာခံမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ် ပြောကြားခဲ့တဲ့ မိန့်ခွန်း လေယူလေသိမ်းနဲ့ ယှဉ်ရင်တော့ အများကြီး ပျော့ပျောင်းပြီး သံတမန် ဆန်ခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ရူဘီရိုက ဥရောပနဲ့ အမေရိကန်ကြားက ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း နှီးနှော ဆက်နွှယ်မှုတွေကိုလည်း အလေးပေး ထည့်သွင်းပြောဆိုသွားပြီး အမေရိကန်ဆိုတာ ဥရောပရဲ့ ရင်သွေးလို့ သုံးနှုန်းသွားခဲ့ပါတယ်။ ခရစ်ယာန် ဘာသာရေး အမွေအနှစ်တွေကို အတူထိန်းသိမ်းခဲ့တဲ့ အကြောင်းကို ရူဘီရိုက မီးမောင်းထိုးပြခဲ့သလို ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဥရောပ မိတ်ဖက်တွေက အခွင့်အလမ်းတွေ ဝိုင်းဝန်း ဖန်တီးပေးခဲ့တဲ့အတွက်လည်း ချီးကျူးခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ရူဘီရိုက ကုလသမဂ္ဂကို ထိုးနှက်ဝေဖန်သွားခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ ထိရောက်တဲ့ စီမံခန့်ခွဲနိုင်စွမ်း ဘာမှမရှိဘူးလို့ ပြစ်တင်ပြောဆိုသွားပါတယ်။

ရူဘီရိုရဲ့ မိန့်ခွန်းကို ဥရောပ နိုင်ငံတွေက လိုလားကြိုဆိုမှုတွေ ပြသခဲ့ပြီး ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဂျိုဟန်း ဝေ့ဒ်ဖူလ်က ရူဘီရိုရဲ့ စကားတွေဟာ အရင်က အမေရိကန် ပေးခဲ့တဲ့ မှတ်ချက်တွေထက် တည်ငြိမ် အေးဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဥရောပဟာ ကာကွယ်ရေး၊ ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးနဲ့ ကုန်သွယ်ရေး မူဝါဒတွေမှာ ကိုယ်ပိုင် ရပ်တည်မှုနဲ့ စံနှုန်းတွေကို ဆက်ထိန်းထားဖို့ အရေးကြီးကြောင်း သူက သတိပေးခဲ့ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကတော့ တောင့်တင်းခိုင်မာပြီး လွတ်လပ်တဲ့ ဥရောပဟာ အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော်ပြီး ဥရောပနဲ့ အမေရိကန်ကြားက မဟာမိတ် ဆက်ဆံရေးကို ပိုအားကောင်းစေလိမ့်မယ်လို့ မှတ်ချက်ပေးသွားပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း ဥရောပဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်ရှိထက် ပိုမိုအားထုတ်ရမယ်ဆိုတဲ့ ရူဘီရိုရဲ့ စကားကို သဘောတူကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ