ဖေဖော်ဝါရီ−၁၇၊၂၀၂၆။နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။
အကောက်ခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ကြားကာလ ဗဟိုကော်မတီမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ထားပြီးသားဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။
” အခွန်ဂိတ်တွေလျော့ပေါ့ရေးပေါ့။ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ လမ်းညွှန်ထားတာရှိပါတယ်။အဲဒီ့အတွက်ကိုဆောင်ရွက်နေတာပေါ့။ တချို့နေရာလေးတွေမှာနှောင့်နှေးတာ လေးတွေရှိတယ်။ ကြန့်ကြာတာ လေးတွေရှိတယ်။ တချို့နေရာတွေမှာ လည်းဆွေးနွေးနေတာ ပေါ့။ ဒီလိုမျိုးနည်းတွေနဲ့လည်းသွားနေတာပေါ့။ အခုဆိုယူနစ်အစိုးရတွေလည်း ပေါ်လာပြီဆိုတဲ့အခါကျတော့ အခွန်ဂိတ်တွေကို တတ်နိုင်သမျှလျှော့ရမယ်။ ယူနစ်နဲ့ ပြည်ထောင်စုနဲ့ ပူးတွဲပြီး မြို့နယ်နဲ့ ရသင့်ရထိုက်တာတွေလည်းရရမယ်။ ရသင့်ရထိုက်တာလည်းရမယ်။ လူထုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်ရဘူးပေါ့။ဒီလိုမျိုးဖြစ်အောင်လို့ အခွန်ဂိတ်လျော့ ပေါ့ရေး စီမံချက်ကိုကပြီးခဲ့တဲ့နှစ်၂၀၂၅ ကတည်းကချမှတ်ထားတာရှိပါတယ်။စစ်ကိုင်း
တိုင်းတစ်တိုင်းလုံးပေါ့။ မှန်ပါတယ်” လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက အခွန်ဂိတ်တွေပိတ်သိမ်းဖို့ ညွှန်ကြားစာတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး လူထုနွေဦးက ဒုဝန်ကြီးဦးကျော်နီထံဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ကွပ်ကဲရေး(၁)နဲ့ (၂)အောက်က မြို့နယ်တွေမှာ ပကဖ၊ ပအဖ၊ PDF၊ဒေသခံ PDFတွေရဲ့ အခွန်ကောက်ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန-MODက ညွှန်ကြားထားပါတယ်။
ဂိတ်အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့နောက်ဆုံးထားပိတ်ရမယ်လို့ ထုတ်ပြန်ထားတာပါ။
ရွှေဘိုခရိုင်ကွပ်ကဲရေး(၁)အောက်က မြို့နယ်တွေကတော့ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တို့ဖြစ်ပြီး ရွှေဘိုခရိုင်ကွပ်ကဲရေး(၂)အောက်က မြို့နယ်တွေကတော့ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲက မြို့နယ်တချို့ဟာ စစ်ကိုင်း-ရွှေဘို- မြစ်ကြီးနားကားလမ်းပေါ်မှာရှိပြီး ဂိတ်အရေအတွက်များကာ တောင်းတဲ့ အခွန်နှုန်းထား များတာမို့ ကုန်ကားသမားတွေ ဝေဖန်နေကြတဲ့ဂိတ်တွေလည်း ပါဝင်ပါတယ်။
“ ပြည်သူလူထု အတော်လေး သက်သာသွားမှာပါ။ ကုန်စည် ဈေးနှုန်းတွေကအစ သက်သာလာမယ်လို့ ယူဆရပါတယ်။ တခြားခရိုင်တွေလည်းစ နေပါပြီ။ တတိုင်းလုံးသွားမှာပါ” လို့ ရွှေဘိုခရိုင်တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်အခွန်ကောက်ဂိတ်တချို့တော့ ကျန်ရှိမယ်လို့ သိရပါတယ်။
“ အခွန်ကိုကောက်ခံရတာက MOHAI(ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး)အောက်က အခွန်ဂိတ် တွေကပဲ ကောက်ရတာပါ။ ပကဖတို့၊ တပ်ရင်းတို့က စစ်ဆေးရေးဂိတ်အဖြစ်ပဲရှိရမှာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းက ဂိတ်တွေတအားပေါလာလို့ ပြန်လည်ထိန်းချုပ်ဖို့လို့ ယူဆရပါတယ်ဗျ” လို့ တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန နယ်မြေအတွင်းရှိ PDF တပ်ရင်းများ၊ Local PDFတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖတွေ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် အစရှိတဲ့ ဂိတ်များအားလုံး စနစ်တကျ စိစစ်ဆောင်ရွက်မှု ပြုလုပ်နိုင်ဖို့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ပိတ်သိမ်းရမယ်လို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဖေဖော်ဝါရီ ၁၀ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
PDF တပ်ရင်းတွေ၊ Local PDFတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖတွေဟာ တပ်ဖွဲ့အတွက် လက်နက် ခဲယမ်းလိုအပ်ချက်ရှိပါက သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ တင်ပြတောင်းခံကြဖို့နဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့နည်းလမ်းများ(တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကြေး ကောက်ခံခြင်း၊ ရပ်ရွာပြည်သူလူထုထံမှ ခွဲတမ်းဖမ်းခြင်း) အသုံးပြုပြီး လက်နက်ခဲယမ်းအတွက် ရန်ပုံငွေ ရှာဖွေခြင်းများ ရှောင်ကြဉ်ကြဖို့ ညွှန်ကြားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန နယ်မြေအတွင်းရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖတွေနဲ့ Local PDF တွေအားလုံး သိရှိလိုက်နာဖို့ဆိုပြီး အခုအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ကြောင်း သိရပါတယ်။
ဒီညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ထပ်မံအသိပေးပါတယ်။
ရွှေဘိုခရိုင်အတွင်း ငွေကောက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်အချို့ကြောင့် ပြည်သူလူထုအသွားအလာခက်ခဲပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ၊ ရရှိလာတဲ့ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိတာတွေကြောင့် ဝေဖန်ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ စစ်ရှောင်တွေလှူမယ့်ပစ္စည်းသယ်တာကိုတောင် အခွန်ပေးရတာရှိတယ်” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခွန်ငွေပေးဆောင်ရတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာကော တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာပါ ဝေဖန်မှုတွေ ရှိနေပါတယ်။
တရားမဝင် အခွန်ကောက်ဂိတ်တွေကို ဒီနေ့စတင်ပိတ်ခိုင်းတာဖြစ်ပြီး ဝက်လက်မြို့နယ်အတွင်းက အခွန်ကောက်ဂိတ်တချို့ကတော့ ဒီနေ့ပိတ်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

















































