မတ်-၃၊ ၂၂၆။ ဇော်ရမ်း/People’s Spring
ဇလွန်ပြည်တော်ပြန်ဘုရားပွဲက ပြန်လာတဲ့ သုံးဘီးယာဉ်နဲ့ လိုက်ထရပ်တစ်စီး ရန်ကုန် – ဟင်္သာတအဝေးပြေးလမ်းရဲ့ ဟင်္သာတ-ဇလွန်လမ်းပိုင်းမှာ မျက်နှာချင်းဆိုင်တိုက်မိလို့ သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
ဟင်္သာတ-ဇလွန်လမ်းပိုင်းရဲ့ ဟင်္သာတမြို့အထွက် နင်းကြမ်းရွာအနီးမှာ ဒီနေ့ မတ်လ ၃ရက် မနက် ၁နာရီခန့်မှာ တိုက်မိခဲ့တာဖြစ်ပါတယ်။
“ သုံးဘီးက လူ ခြောက်ယောက်နဲ့ ဘုရားပွဲကနေ ပြန်လာတာ။ လိုက်ထရပ်က ရန်ကုန်ဘက်ကို တက်တာ။ ပြင်းပြင်းထန်ထန် တိုက်မိတာဆိုတော့ ထိခိုက်ကုန်တာ” လို့ နင်းကြမ်းရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲ့ဒီဖြစ်စဉ်မှာ သုံးဘီးပေါ်က အမျိုးသားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။ လိုက်ထရပ်ပေါ်က အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လူမှုရေးအဖွဲ့တွေက ဟင်္သာတဆေးရုံကို ပို့လိုက်ပါတယ်။
နာမည်ကြီး ဘုရားပွဲဖြစ်တဲ့ ဇလွန်မြို့က ပြည်တော်ပြန်ဘုရားပွဲကို ဒီရက်ပိုင်းကျင်းပနေပါတယ်။ ဘုရားပွဲကို ရန်ကုန်မြို့အပြင် ဇလွန်မြို့နဲ့ ဘေးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အထောင်၊ ရှားခဲ၊ ညောင်တုန်းမြို့တွေကနေ လာရောက်ဖူးမြော်လည်ပတ်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း ရန်ကုန်-ဟင်္သာတအဝေးပြေးလမ်းပိုင်းကို ပြုပြင်ထိန်းသိမ်းမှု စနစ်တကျမရှိတော့ဘဲ ဇလွန်-ဟင်္သာတလမ်းပိုင်း၊ဇလွန် -ဓနုဖြူလမ်းပိုင်းမှာ ပျက်စီးမှုတွေ ရှိနေပါတယ်။

















































