မတ် -၉၊ ၂၀၂၆။ ဒလပန်း၊ People’s Spring
ပဲခူးတိုင်း၊ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မတ်လ ၆ ရက် ၁၀ နာရီကျော်မှာ သဲကုန်းမြို့ပေါ်ကနေ အင်အား ၂၀ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗောဓိကုန်းကျေးရွာရောက်ချိန်မှာ ကင်းထောက်ဒရုန်းနဲ့ ကင်းထောက်တာလုပ်ဆောင်ခဲ့ပါတယ်။
ကင်းထောက်နေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကိုဗျူဟာ ၂၁ ကွပ်ကဲမှုအောက်က ပြည်ခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့က ကင်းထောက်ဒရုန်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်ခရိုင်ပကဖအဖွဲ့ဆီက သိရပါတယ်။

Public Service Announcement
ကင်းထောက်ဒရုန်းပျက်ကျပြီးနောက် ဒရုန်းရှာဖို့ထွက်လာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ဗျူဟာ၂၁ ကွပ်ကဲမှုအောက်က ပြည်ခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့၊သဲကုန်းပကဖတိုက်ခိုက်ရေးအဖွဲ့ ၊ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ (၅) ပူးပေါင်းအဖွဲ့တို့နဲ့ ထိတွေ့ ၃ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
“ ဒရုန်းကျသွားတော့ သူတို့က အတင်းထိုးလုံးတက်လာပြီး အတင်းလိုက်ရှာနေတာ။ဒရုန်းပြန်တွေ့သွားမသွားတော့ သေချာမသိရသေးဘူး” လို့ ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဇာနည်သွေးက ပြောပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြည်ခရိုင်ပကဖဆီက သိရပါတယ်။
အဲ့ဒီနောက် သေဆုံးနဲ့ ဒဏ်ရာရရှိခဲ့တဲ့တပ်ဖွဲ့ဝင်တွေကို သယ်ပြီးပြန်ဆုတ်သွားတဲ့ စစ်တပ်ဖွဲ့ဝင်တွေကို ဗောဓိကုန်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဘက်က ထိခိုက်မရှိခဲ့ပါဘူး။


















































