Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာ အပါအဝင် ရှမ်းမြောက်ပြည်ထောင်စုလမ်းက KIA ဂိတ်တွေဖယ်ပေးဖို့ MNDAA က ပြောဆိုဟု သတင်းရင်းမြစ်ပြော

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

နမ့်ဖက်ကာရှိ စစ်တပ်ရဲ့ ခလရ (၁၂၃) KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စစ်တပ်ရဲ့ ​ဟောင်ဝစ်ဇာကို သိမ်းဆည်းခဲ့စဥ်။ဓါတ်ပုံ- File

မတ်-၁၇၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်နမ့်ဖက်ကာဒေသအပါအဝင်ပြည်ထောင်စုလမ်းမနဲ့ အနီးကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ဂိတ်တွေကို ဖယ်ပေးဖို့ ကိုးကန့်တပ်ဖွဲ့(MNDAA)က မတ်လ၁၆ရက်မှာလိုက်ပြော​နေကြောင်းရှမ်းပြည်နယ်မြောက်သတင်းရင်းမြစ်အချို့ကပြောပါတယ်။

“မနေ့ညနေပိုင်း ရှမ်းမြောက်ပြည်ထောင်စုလမ်းမပေါ် နမ့်ဖတ်ကာ ၊ မန်လွယ် ၊ နမ့်အွမ်ကျေးရွာတွေမှာရှိတဲ့ KIA ဂိတ်တွေအားလုံးကိုဖြုတ်သိမ်းဖို့ MNDAA အထူးတပ်ဖွဲ့နဲ့ ဒရုန်းတပ်တွေ အင်အား (၆၀) လောက်နဲ့ လိုက်လံဖိအားပေးပြောဆိုခဲ့တယ်လို့ သိရတယ် ၊ မနေ့ညကနေစပြီး KIA ဘက်က စစ်ရေးပြင်ဆင်မှုတွေစတင်လာနေပြီး MNDAA နဲ့ KIA ကြား ထပ်မံပြီး တိုက်ပွဲဖြစ်ပွါးလာမှာကို နမ့်ဖတ်ကာဒေသခံတွေကို အထူးစိုးရိမ်နေကြတယ်လို့ ကြားသိရပါတယ်”လို့ ရှမ်းမြောက် သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီးKIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖိအားပေးတဲ့အဆင့်တော့ အခုလောလောဆယ်တော့ မဟုတ်သေးဘူး။ဒီအတိုင်းပဲထိုင်နေပါတယ် အားလုံးက။ကျနော်တို့ဘက်ကတော့ ပုံမှန်ပါပဲ။ သူတို့လည်း ကျနော်တို့ကို တရားဝင် ပြောတာ ဘာမှ မရှိသေးပါဘူး” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နမ့်ဖက်ကာကို ကိုးကန့် ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် သုံးသပ်ပြောဆိုလိုခြင်းမရှိပေမယ့် လက်တလော အပြောင်းအလဲမရှိကြောင်း၊ KIO ဗဟိုကော်မတီ ရဲ့ဆုံးဖြတ်ချက်ကိုသာ စောင့်ရမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကိုးကန့်တပ်မတော်(MNDAA)ဟာမတ်လ ၁၄ရက်မှာမဟာမိတ်တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့ကိုစစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ကွတ်ခိုင်မြို့အပြင် နမ့်ဖက်ကာ ၊ မုံးစီး၊ မုံးဟွမ်း၊ ကာလိုင်၊ နမ့်ခမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကျင်စိန်းကျော့ နယ်စပ်ဂိတ်စတဲ့ TNLA တပ်ဖွဲ့နဲ့ တပ်စခန်းနေရာတွေကို MNDAAက မတ်လ ၁၄ရက်ကနေ ၁၆ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ စစ်ကောင်စီက တရုတ်အစိုးရကို အကူအညီတောင်းပြီး တရုတ်အစိုးရက မီးစိမ်းပြလိုက်လို့ MNDAA က TNLAကို ထိုးစစ်ဆင်လာတယ်လို့ မြင်ကြောင်း ရှမ်းမြောက်စစ်ရေးနိုင်ငံရေးလေ့လာသူ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီနဲ့ တရုတ်အစိုးရက သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းကြောင်းဖွင့်နိုင်ဖို့ လမ်းမပေါ်မှာ ရှိတဲ့ KIAနဲ့ TNLAကို ဖယ်ရှားဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“KIAဘက်ကတော့ဘယ်လိုပြန်ပြီးတော့တုန့်ပြန်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ မနေ့ကတော့ ပြည်ထောင်စုလမ်းမနဲ့ အနီးတဝိုက်မှာ ရှိတဲ့ KIA ဂိတ်စခန်းတွေ အားလုံးကို ဖြုတ်သိမ်းဖို့ MNDAA ဘက်ကတော့ လိုက်ပြောကြားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIA ဘက်ကတော့ အကောင်းဆုံး စစ်ရေးဗျူဟာတွေနဲ့ သူ့ဘက်က တုန့်ပြန်ဆောင်ရွက်မယ်လို့ သုံးသပ်ပါတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း အကယ်၍ ကိုးကန့်က နမ့်ဖက်ကာပေးဖို့ KIA ဘက်ကို ပြောကြားမှုကို စစ်ရေးအရ ဖြေရှင်းကြပါက နှစ်ဖက်စလုံး အရှုံး ကြုံရမယ်လို့ သုံးသပ်ထားတာတွေ့ရပါတယ်။KIA အနေနဲ့ စစ်ရေး၊ နိုင်ငံရေး ချိန်ခွန်ညှိတုန့်ပြန်လေ့ရှိတဲ့ အဖွဲ့မို့ အကောင်းဆုံး တုန့်ပြန်နိုင်မယ်လို့ မြင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူက ပြောပါတယ်။

စစ်ရေးအရဖြေရှင်းမှုကို ရှောင်ရှားပြီး တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းလမ်းဗျူဟာတွေနဲ့ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးဖြစ်လို့ ရှမ်းမြောက်က နယ်မြေ အငြင်းပွားမှု ပြဿနာတွေကို KIA၊ MNDAA၊ TNLA တို့ အမြန်တွေ့ဆုံဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။

လက်ရှိမှာတော့ MNDAAနဲ့ TNLAတို့က​တာဝန်ရှိသူ​တွေဟာ ဒီကနေ့ မှာ​လောက်စတင်တွေ့ဆုံဆွေးနွေးနေပြီး မနေ့ညက စပြီးအပစ်ရပ်ထားဖို့ ကနဦး သဘောတူထားတယ်လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

“မဟာမိတ်အကြား စစ်ရေးအရ ဖိအားပေးတာတို့ တိုက်ပွဲဖြစ်ပွားတာတို့ဒါတွေဟာစစ်ကောင်စီအတွက်အားသာချက်တွေဖြစ်သွားနိုင်ခြေရှိပါတယ်။ ဒါကြောင့် စစ်ရေးအရ ဖြေရှင်းနည်းကို လုံး၀ ရှောင်ရှားသင့်ပါတယ်။” လို့ ရှမ်းမြောက်စစ်ရေး နိုင်ငံရေးလေ့လာသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။