မတ်-၁၉၊ ၂၀၂၆။သော်မွန်/People’s Spring
ပြည်သူလူထု ရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရဆီကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက ၂၀၂၆ စစ်တပ်လွှတ်တော်ကို ဦးဆောင်သူတွေ ဖြစ်လာပါတယ်။
စစ်အာဏာသိမ်းမှု ဦးဆောင်သူတွေထဲ ပါဝင်မှုကြောင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက အရေးယူဒဏ်ခတ်ထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မတ်လ ၁၈ရက်မှာ ခန့်အပ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းချိန် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ကချင်တိုင်းရင်းသား Jeng Phang နော်တောင်ကိုလည်း စစ်တပ်ရဲ့အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဗိုလ်မှူးဟောင်း Jeng Phang နော်တောင်ဟာလည်း စစ်အာဏာသိမ်းမှုအပြီးလပိုင်းအကြာမှာပဲ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှု ခံထားရသူပါ။
ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့ပြီး ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုကြောင့် အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်ခြင်း ခံထားရသူတွေ ဦးဆောင်လာတဲ့ စစ်တပ်လွှတ်တော်က နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဖြစ်စေမှာမဟုတ်ဘူးလို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

Public Service Announcement
စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စတင်လျှောက်လှမ်းခဲ့ပါတယ်ဆိုတဲ့ ၂၀၁၁ ခုနှစ် လွှတ်တော်တွေ ပေါ်တဲ့အချိန်နဲ့ ယှဥ်ရင်တောင် များစွာကွာခြားတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
“အခြေအနေချင်းက တခြားစီပါ။ အဲဒီတုန်းက(၂၀၁၁) လူလည်း ပြောင်းတယ်၊ မူလည်း ပြောင်းတယ်”လို့ နိုင်ငံရေးအကဲခတ်က ဆိုပါတယ်။
၂၀၁၁ ခုနှစ် အခင်းအကျင်းကို ပြန်ကြည့်ရင် တိုင်းပြည်ကို နှစ် ၂၀ ကျော်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူကိုယ်တိုင် နိုင်ငံရေးက ထွက်ခဲ့သလို စစ်ယူနီဖောင်းကနေ တိုက်ပုံပြောင်းဝတ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်တွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နိုင်ငံတကာက ယုံကြည်လာအောင် လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူကိုယ်တိုင် သမ္မတဖြစ်ဖို့ ပြင်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ သူနဲ့အတူပါခဲ့သူတွေကိုလည်း ထိပ်ပိုင်းရာထူးတွေ ပေးထားတာ တွေ့ရပါတယ်။
စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို စစ်တပ်အာဏာသိမ်းချိန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဦးခင်ရီကို ခန့်အပ်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခဲ့တဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ပြီး ဦးခင်ရီက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
စစ်ဗိုလ်ချုုပ်ဟောင်းခင်ရီဟာ အနိုင်ရပါတီဥက္ကဋ္ဌဖြစ်ပေမယ့်လည်း သမ္မတနေရာ အိမ်မက်မက်ခွင့်မရဘဲ စစ်ခေါင်းဆောင် အလိုကျ လွှတ်တော်ဥက္ကဋ္ဌနေရာသာ ရရှိခဲ့သူလို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။
စစ်တပ်ရဲ့ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌနေရာကို စစ်ဗိုလ်ချုပ်ဟောင်း၊ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ရရှိခဲ့ပါတယ်။ သူဟာလည်း စစ်တပ်အာဏာသိမ်းချိန်ကတည်းက ပါဝင်ခဲ့တာကြောင့် ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကို ခံထားရပါတယ်။
စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်မှာ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၃၇၃ဦး၊ အမျိုးသားလွှတ်တော်မှာ ၂၁၃ ဦး အသီးသီးရှိကြပေမယ့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့ကြသူတွေက အပြိုင်တင်သွင်းမှုမရှိဘဲ တစ်ဦးတည်း အရွေးခံ၊ တစ်ဦးတည်း နေရာ ရခဲ့ကြတာ ဖြစ်ပါတယ်။
“စစ်ကောင်စီထဲမှာ စစ်ခေါင်းဆောင်ပြောတာ မူဝါဒပဲ၊ ကျန်တာ လက်ညှိုးထောင် ခေါင်းညိမ့်။ အခုလည်း လက်ညှိုးထောင် ခေါင်းညိမ့်လွှတ်တော်၊ လက်ညှိုးထောင် ခေါင်းညိမ့် အစိုးရအဖွဲ့တွေ ပေါ်လာတာ မဆန်းပါဘူး”လို့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လုပ်ကြံဖန်တီးထားတဲ့ သမ္မတရာထူးနဲ့ ဝတ်စုံပြောင်းလိုက်ရုံနဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားနိုင်မှာမဟုတ်သလို သူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုလည်း ချေဖျက်နိုင်မှာမဟုတ်ဘူးလို့ မတ်လ ၁၇ရက်က ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ဖို့ ကိုယ်ကျိုးအတ္တတစ်ခုအတွက်အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းကာ ဒေသတွင်း မတည်ငြိမ်အောင်လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ SAC-Mမှ မစ္စစ်ယန်ဟီးလီက ပြောပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရားမျှတမှုအောက်မှာ သေချာပေါက် စီရင်ခံရလိမ့်မယ်လို့ မစ္စစ်ယန်ဟီးလီက ဆက်ပြောပါတယ်။
လာမယ့်သီတင်းနှစ်ပတ်ကျော်အတွင်း မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဒါဇင်နဲ့ချီပြီး စစ်ဝတ်စုံချွတ်ကာ အရပ်ဘက်ဝတ်စုံတွေကို ပြောင်းလဲဝတ်ဆင်လာကြလိမ့်မယ်လို့ SAC-M က ဖော်ပြပါတယ်။ ဒီဟန်ပြလုပ်ဆောင်မှုတွေက စစ်ရာဇဝတ်ကောင်အဖြစ် စွပ်စွဲခံရသူ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားမှုတွေအတိုင်း ရုပ်သေးအစိုးရသစ်ပေါ်ထွက်လာချိန် ဧပြီအစောပိုင်းမှာ ပြီးဆုံးလိမ့်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူ့ရဲ့အတုအယောင်ရွေးကောက်ပွဲတွေကတဆင့် နိုင်ငံတကာအလွယ်တကူလက်ခံလာမယ့် တရားဝင်လွှတ်တော်တရပ်ကို ခိုးကြောင်ခိုးဝှက်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမှုက စိတ်ကူးယဥ်မှုသက်သက်သာဖြစ်တယ်လို့ SAC-M က ဆိုထားပါတယ်။



















































