မတ်-၂၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နတ်ရုပ်တုတွေပျောက်ပြီးတစ်လအကြာ နောက်ထပ် နတ်နန်းတစ်ခုက နတ်ရုပ်တုတွေပါ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီအတွင်းက မိတ္ထီလာကန်ဘောင်က နတ်ရုပ်တုတွေ ပျောက်ဆုံးပြီးနောက် တစ်လကျော်အကြာ မတ်လ ၂၁ ရက် ည ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ မိတ္ထီလာ-မြင်းခြံသွား လမ်းမကြီးအနီးရှိ ဝန်ဇင်းရပ်ကွက်ထဲမှာရှိတဲ့ မထောင်းသာ-မလဲသာ” မောင်နှမနတ်နန်းအတွင်းမှ ရုပ်တုတွေ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။
နတ်နန်းအတွင်းမှ အသံတွေကြားရလို့ အနီးနားက ဒေသခံတွေ နိုးလာပြီး လာရောက်ကြည့်ရှုခဲ့ရာမှာ အမျိုးသားတစ်ဦးဟာ နတ်ရုပ်ထုတွေကို ဖျက်ဆီးပြီးနောက် ထွက်ပြေးသွားတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement
“အသံတွေကြားလို့ အိပ်ရာကနေ ထကြည့်လိုက်တဲ့အချိန်မှာ လူတစ်ယောက် ကြာကန်ဘက်ကို ထွက်ပြေးသွားတာ တွေ့လိုက်တယ်ကြားတယ်။ နောက်ကနေ အမီလိုက်ပေမယ့်လည်း လွတ်သွားတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မိတ္ထီလာကန်ကူးတို့ တံတားပေါ်ရှိ မောင်နှမခုနစ်ဖော်နတ်နန်းက နတ်ရုပ်တု ၇ ရုပ်အနက် နတ်ရုပ်သုံးရုပ် ပျောက်ဆုံးခဲ့ရာ ယနေ့အထိ ပြန့လည်တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။




















































