နိုင်ငံရဲ့ နျူကလီးယားလက်နက် တည်ဆောက်မှုကို နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ထိ မြဲမြံခိုင်မာစေခဲ့ပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။
ခေါင်းဆောင်ကြီးက သူ့ရဲ့ မူဝါဒရေးရာ မိန့်ခွန်းထဲမှာ နိုင်ငံရဲ့ နျူကလီးယား လက်နက် အစီအမံတွေနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို ထည့်ပြောသွားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက မတ်လ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ကင်မ်က တောင်ကိုရီးယား နိုင်ငံအပေါ် အတိအလင်း ရန်လိုတဲ့ သဘောထား မှတ်ချက်မျိုးကိုပါ ထည့်ပြောသွားခဲ့ပါတယ်။
ကင်မ်ရဲ့ အဆိုအရ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရေး ဆုံးဖြတ်ချက်ကို နောက်ပြန်မဆုတ်စတမ်း ခိုင်မာသေချာစေမှာ ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နျူကလီးယား လက်နက် စွမ်းရည်မျိုး ပိုင်ဆိုင်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ နောက်ပြီး နျူကလီးယား လက်နက်တွေဟာ မြောက်ကိုရီးယားအတွက်တော့ အမျိုးသား လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ကဏ္ဍတွေမှာ အရေးတကြီး လိုအပ်တယ်လို့လည်း ကင်မ်က ဆိုပါတယ်။
လက်ရှိ ကမ္ဘာကြီးမှာ ကြုံနေတဲ့ အရှိတရားတွေကို ဆန်းစစ်ကြည့်ရင် နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတွေဟာ ရန်လို အကြမ်းဖက်မှုနဲ့ တစ်ဖက်သတ် ဗိုလ်ကျမှု ဝါဒတွေရဲ့ အကြင်နာမဲ့ ချိုးဖောက်မှုတွေကို ကြုံနေရကြောင်း၊ ဒီအခြေအနေကပဲ နိုင်ငံတစ်ခုရဲ့ အရှည်တည်တံ့မှုနဲ့ ငြိမ်းချမ်းရေးကို ဘယ်အရာတွေက အာမခံချက် ပေးနိုင်မလဲ ဆိုတာကို ထင်ရှား မြင်သာလာစေကြောင်း ကင်မ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
နျူကလီးယား လက်နက်တွေကသာ စစ်ပွဲတွေကို တားဆီးပေးနိုင်ခဲ့ပြီး ပိုင်ဆိုင်တဲ့ နိုင်ငံရဲ့ အစိုးရ အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆောက်လုပ်ရေးနဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေး ကဏ္ဍတွေအပေါ် ပိုမိုအာရုံစိုက်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သူက ဆိုပါတယ်။
မတ်လ ၂၃ ရက်နေ့က ပြည်သူ့ညီလာခံ ခန်းမထဲမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ကင်မ်က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားအတွက် အကြီးဆုံး ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ် ခံထားရတယ်လို့လည်း သတိပေးသွားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တောင်ပိုင်းက ပြိုင်ဘက်တွေက ဘယ်လိုနည်းနဲ့ အကဲစမ်းလာတာမျိုးဖြစ်ပါစေ၊ အညှာအတာမရှိ တုံ့ပြန်တာ ခံရလိမ့်မယ်လို့လည်း သူက ခြိမ်းခြောက်သွားပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ကင်မ်က အမေရိကန်နဲ့ မဟာမိတ်တွေဟာ ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးနေကြောင်း၊ ဒါပေမဲ့ လက်ရှိ မြောက်ကိုရီးယားရဲ့ အနေအထားအရ အဲဒီ ဖြန့်ကျက်မှုတွေကြောင့် ခြိမ်းခြောက်ခံရတယ်လို့ ရှုမြင်စရာ မလိုတော့သလို လိုအပ်လာရင် တခြားနိုင်ငံတွေကို မြောက်ကိုရီးယား ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့လည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား: Reuters


















































