မတ်-၂၆၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်တွေမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာအများစုက ဒေသခံပြည်သူတွေထွက်
ပြေးတိမ်းရှောင်နေရစဉ်မှာ စစ်ကောင်စီက တပ်မ
တော် နေ့ဂုဏ်ပြုအထိန်းအမှတ်ဆိုပြီး မြို့အဝင်မုခ်ဦးအသစ်ဖွင့်ပွဲကို မတ်လ ၂၅ ရက်ကပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
အဲဒီအခမ်းအနားကို စစ်ကောင်စီရဲ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေအပြင် AAရဲ့ အမ်းမြို့နဲ့ အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ်(နမခ)သိမ်းစစ်ဆင်ရေးမှာ စစ်တွေမြို့ကို ထွက်ပြေးသွားတဲ့ တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးလည်း ရောက်ရှိလာတာတွေ့ရပါတယ်။၈၁ နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်တာလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။
စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇန်နဝါ
ရီလကစပြီး တိုက်ပွဲတွေပိုမိုပြင်းထန်လာသလို စစ်တပ်က မြို့အနီးပတ်ဝန်းကျင်နဲ့ ဒေသချင်းဆက်စပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက် နေပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်တဲ့ ယိုးငူကျေးရွာကိုဖေဖော်ဝါရီလ ၂၄ ရက်မှာ လေ
ကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ၁၇ဦးသေဆုံးခဲ့တယ်လို့အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တွေမြို့ဟာ စစ်ကောင်စီ ခြေကုတ်ယူထားတဲ့ အဓိကမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ)အပြင် ရဲတပ်ရင်း(၁၂)မှာလည်း အခိုင်
အမာတပ်စွဲထားပါတယ်။ စစ်တွေမြို့ပတ်ဝန်းကျင်ကရွာတွေမှာနေတဲ့ဒေသခံတွေကို စစ်ကောင်စီကဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ထားပါတယ်။ စစ်တွေမြို့ဘေးက ရွာတွေကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးထားပြီး နေစရာအိမ်မရှိတော့တဲ့အတွက် တိမ်းရှောင်နေရသူ တစ် သိန်းခွဲနီးပါးရှိတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။
“ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေကိုထိန်း
ချုပ်ထားနိုင်တယ်လို့ နိုင်ငံတကာကိုပြချင်လို့ ဟန်
ပြဖွံ့ဖြိုးရေးတွေလုပ်ပြနေတာ။မြို့ကပုံစံပျက်သွားပြီ။ ဒေသခံအများစုက စားဝတ်နေရေးတော်တော်ဒုက္ခရောက်နေတာပါ” လို့ဒေသခံတဦးက ပြောပါတယ်။
စစ်တွေမြို့မှာအိန္ဒိယနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ အ
ကောင်အထည်ဖော်နေတဲ့ရေနက်ဆိပ်ကမ်းစီမံ
ကိန်းရှိနေပြီး ဒေသတွင်းမှာ အေးချမ်းနေတယ်လို့လိမ်ညာပြီးဝါဒဖြန့်နေတယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
AAဟာ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန် ၁၄ မြို့နယ်စလုံးကို သိမ်းယူထားပါတယ်။ တစ်ပြည်နယ်လုံးကိုထိန်းချုပ်နိုင်တဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AAက သတင်းထုတ်ပြန်ထားပြီး လက်ရှိမှာလည်း ကျောက်ဖြူနဲ့စစ်တွေမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တွေနဲ့ ကျောက်ဖြူ နှစ်မြို့နယ်စလုံးမှာတရုတ်နဲ့အိန္ဒိယအစိုးရရဲ့ရင်းနှီးမြုပ်နှံမှုတွေရှိလို့ AAအနေနဲ့ စစ်ရေးကိုထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေရတယ်လို့ လေ့လာသူတွေကပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ကြားကနေ စစ်ကောင်စီက
စစ်တွေမြို့အဝင် မုဒ်ဦးအသစ်ဖွင့်လိုက်သလို ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကိုလည်း လေကြောင်းခရီးစဉ်တွေ မဖြစ်မနေပြေးဆွဲရမယ်လို့ စစ်ကောင်စီကညွှန်ကြားခဲ့ပါတယ်။
မတ်လ၂၅ ရက်ကလုပ်ခဲ့တဲ့စစ်တွေမုဒ်ဦးအသစ်
ဖွင့်ပွဲကိုတော့ တိုင်းမှူးအပါအဝင် စစ်ကောင်စီရဲ့ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတင်းကြပ်ခဲ့သလို့ အခမ်းအနားကို အချိန်တိုအတွင်းပြီးစီးအောင် ခပ်မြန်မြန်လုပ်သွားတယ်လို့ သိရပါတယ်။


















































