မတ်-၂၆၊၂၀၂၆။တာရာ/People’s Spring
စက်သုံးဆီပြတ်လပ်နေတာကိုအခွင့်ကောင်းယူပြီး စက်သုံးဆီအရောင်းဆိုင်တွေက ဆီမှောင်ခိုရောင်းချနေတယ်လို့ ဆီတန်းစီဝယ်ယူသူတွေက ပြောပါတယ်။
ဆီဆိုင်အများစုဟာ ဆီလက်ကျန်မရှိတော့ဘူးလို့ဆိုကာ ည ၇ နာရီအထိသာ ရောင်းချပေးပြီး ယင်းနောက်ပိုင်းမှာတော့ ပုံးတွေနဲ့လာရောက်ဝယ်ယူသူတွေကို ရောင်းချပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဆီတွေကရှိသေးရင် မကုန်မချင်းရောင်းပေးသင့်တယ်။ အကုန်လုံးက ညအိပ်တန်းစီစောင့်နေရတာ။ ကိုယ်ချင်းစာသင့်တယ်။ ကိုယ်တွေက တန်းစီပြီးဝယ်တယ်။ တချို့ကားတွေ တန်းစီစရာမလိုဘူး။ အဆင်သင့်ဝင်ထည့်ရုံပဲ။ ပြီးရင်ပုံးတွေနဲ့ လာဝယ်တာတွေကို ရောင်းပေးတယ်။ အဲဒီလိုမလုပ်သင့်ဘူး။ သူတို့ရောင်းပေးမှ ဆီရမယ်ဆိုတဲ့ပုံစံနဲ့ လုပ်နေတာ”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စက်သုံးဆီရောင်းချပေးရာမှာလည်း သတ်မှတ်ထားတဲ့လီတာအလိုက် အပြည့်အဝရောင်းချပေးတာမျိုးမရှိဘူးလို့လည်း ယာဉ်မောင်းတွေက ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေက အလုံအလောက်မရောင်းချပေးတာကြောင့် မှောင်ခိုဈေးကွက်ကိုဖြစ်ပေါ်စေတယ်လို့ ကားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဆီတွေကိုသူတို့က ရောင်းချင်သလိုရောင်းပေးနေတာ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် မှောင်ခိုဈေးကွက်ကကြီးလာရော။ အခုဆို မှောင်ခိုဈေးကွက်က တော်တော်ကောင်းနေတာ။ တချို့တွေလည်းရှိပါတယ်။ ဆီတန်းစီတယ်။ ပြီးရင်ပြန်ထုတ်ပြီးပြန်ရောင်းစာကြတယ်။ အဲဒါမျိုးတွေလည်း ကြုံတွေ့နေရတယ်။ ပြောရရင် စစ်တပ်က မထိန်းချုပ်နိုင်ဘူး”လို့ ကားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာတဝန်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေသလို ဆီပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီပြတ်လပ်နေတာကို ဝန်မခံပဲ စက်သုံးဆီဖူလုံမှု ရက် ၅၀ စာရှိသေးတယ်လို့ ပြောထားပြီး လိုအပ်တာထက်ပို မဝယ်ဖို့လည်း ပြောထားပါတယ်။
ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ စက်သုံးဆီဆိုးရွားစွာပြတ်တောက်နေပြီး Max နဲ့ DENKO ဆိုင်အများစုကသာ ဆီကိုရောင်းချပေးနေပါတယ်။
ဒါ့အပြင် ဧပြီကစပြီး ယာဉ်ရဲ့စက်စွမ်းအား အပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မယ့် စနစ်ကို ကျင့်သုံးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


















































