မတ်-၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်လာလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ချင်းဒေသကာကွယ်ရေးတပ်(CDF) – ပလက်၀ အနေနဲ့လည်း ၅လနီးပါးကြာ စစ်ကူသွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကူသွားတဲ့ ရဲဘော်တွေ CDFပလက်၀ ဌာနချုပ်က ကြိုဆိုဂုဏ်ပြုတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး CDF ပလက်၀ တာဝန်ရှိသူက “ကျနော်တို့က ၅လနီးပါးလောက် စစ်ကူသွားပြီး မှ နောက်တန်းကို ပြန်ပြီးတော့ ပြန်ဆုတ်တဲ့ သဘောပါ” လို့ ပြောပါတယ်။
ဖလမ်းဒေသ စစ်ရေးအခြေအနေတွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေးမြန်းဖို့လည်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်ကူသွားရောက်ခဲ့စဉ် တိုက်ပွဲတွေအတွင်း CDF ပလက်၀ ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ တီးတိန်နဲ့ ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်း နယ်မြေဒေသတွေ ပြန်လည်စိုးမိုးနိုင်ဖို့ ၂၀၂၅ အောက်တိုဘာမှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို ချင်းညီနောင်၊ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေ အတူပူးပေါင်းခုခံတိုက်ခိုက်နေတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ အထိနာအောင် ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နိုင်ခဲ့သလို ချင်းတော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်မှုရှိခဲ့ပါတယ်။
လေကြောင်းပစ်ကူ အပါအဝင်မြေပြင်က စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် စစ်ကောင်စီတပ်ကို ၅လကြာတဲ့အထိခုခံနိုင်ခဲ့တာဟာ ချင်းတော်လှန်ရေးတပ်တွေ စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့်ဖြစ်တယ်လို့ ချင်းဒေသသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Pu က ပြောထားပါတယ်။
“ကျနော်တို အခုလို စည်းလုံးပူးပေါင်းတာ ထိရောက်မှု ရှိပြီး ဘုံရန်သူကို အမြန်ဆုံးရှင်းလင်းနိုင်မယ်လို မျှော်လင့်ပါတယ်။ ချင်းတပ် မက စစ်ကောင်စီကို တော်လှန်နေတဲ့ မဟာမိတ်အဖွဲအကုန် စုစည်းရင် ပိုပြီးအောင်မြင်မှုနဲ့ တော်လှန်ရေး ပိုပြီးထိရောက်မှုရှိမှာပါ” လိုလည်း CDF CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်ပြီး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
ကလေး-နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနဲ့ တီးတိန်-သိုင်းငင်း စတဲ့ လမ်းကြောင်း လေးခုမှာ စစ်ကြောင်း လေးခု အင်အား ၁,၀၀၀နီးပါးအသုံးပြုခဲ့ကြောင်း ချင်းရေးရာအဖွဲ ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့အပြင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ပြီး သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ တီးတိန်မြို့သိမ်းနိုင်ရေး ဆောင်ရွက်သွားဖို့ ရှိကြောင်း မကြားသေးမီက အသိပေးပြောပြထားပါတယ်။























































