Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ဆီတန်းစီရင်း ပထမဆုံး လူသေမှုဖြစ်၊ သေဆုံးသူဟာ အဆိုတော်ဟုဆို

ဓာတ်ပုံ - Nwe Lay/FB

မတ်-၂၆ ၊၂၀၂၆။ဖိုးသား၊ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီရင်း လူသေဆုံးမှုဖြစ်ခဲ့တယ်လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်းကပြောပါတယ်။

နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်း စက်သုံးဆီအကြပ်အတည်းကြောင့် ဆီရရှိရေး တန်းစီစောင့်ဆိုင်းရာမှာ ပထမဆုံး လူသေဆုံးမှုဖြစ်ပါတယ်။

ဒီကနေ့(မတ်လ ၂၆ ရက်)မနက် ၁၀နာရီခွဲဝန်းကျင်က ကမ္ဘာအေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီး ဦးတင်ထွန်း (ခ)ဦးပတ်ထရစ်ဆိုသူဟာ မောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ညဘက်တွေ အိပ်မရကားဆီတန်းစီရ၊ နေကအရမ်းပူ လူတစ်ယောက်ရဲ့အသက်သည်အရမ်းတန်ဖိုးရှိပါတယ်။နေအရမ်းပူတော့ Heat Stroke တွေဖြစ်တယ်”လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ကွယ်လွန်သွားသူက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးတင်ထွန်းဖြစ်ပြီး မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်နားမှာ Heat Stroke ဖြစ်ကာ ကားရုတ်တရက်ရပ်သွားတာလို့ လည်း အနီးအနားမှာရှိသူတွေက ပြောပါတယ်။

(ဆီတန်းစီရင်း သေဆုံးနေတဲ့ ဦးပတ်ထရစ်။ ဓာတ်ပုံ – Nwe Lay/FB)

အဲဒါကြောင့် အနီးအနားက ဆီတန်းစီသူတွေက ကူညီခဲ့ကြပြီး အရေးပေါ်ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ပေမယ့် ကွယ်လွန်သွားတယ်လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူက ဂီတအစည်းအရုံးဝင်တစ်ဦးလည်းဖြစ်ပြီး ပက်ထရစ်တင်ထွန်းအမည်နဲ့ ကာလပေါ် သီချင်းတွေသီဆိုသူလို့ သိရပါတယ်။

သေဆုံးသူရဲ့ကားက CNG ကားလို့လည်းသိရပြီး အချို့ကလည်း ကားဆီတန်းစီရင်းကွယ်လွန်တယ်လို့ ပြောဆိုမှုတွေရှိပေမယ့် လူထုနွေဦးအနေနဲ့ သီးသန့်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

လက်ရှိမှာ စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲကြောင့် ပြည်သူတွေက ဆီကိုတန်းစီဝယ်ယူနေရပြီး အပူချိန်မြင့်တတ်လာချိန်မှာ နေ့လည်ပိုင်းတန်းစီတာက Heat Stroke ကြောင့် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် မြန်မာအပါအဝင် နိုင်ငံအများစုဟာ စက်သုံးဆီအခက်အခဲတွေ ဖြစ်နေပြီး နည်းလမ်းမျိုးစုံနဲ စက်သုံးဆီ ချွေတာရေးကို ဖြေရှင်းနေကြရပါတယ်။

မြန်မာနိုင်ငံမှာ ရက် ၅၀စာ အရန်စက်သုံးဆီ ရှိတယ်လို့ မတ်လ ၂၂ ရက် ညပိုင်းမှာ စစ်တပ်က ပြောထားပေမယ့် ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီရရှိရေး အခက်အခဲကြောင့် ညအိပ်တန်းစီရတာနဲ့ ပြင်ပစျေးကွက်မှာ စစ်တပ်သတ်မှတ်စျေးရဲ့ ငါးဆထက်မနည်းပေး ဝယ်ယူနေရပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ယာဥ် အက္ခရာ စုံ/မ အလိုက် တစ်ရက်ခြားအသုံးပြုရတာ၊ ယာဥ်သက်သေခံလက်မှတ် လို့ ခေါ်တဲ့ ဝှီးတက်၊ ပိုင်ဆိုင်မှုအထောက်အထား အုံနာဘုတ်ပါမှ မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်ကို သတ်မှတ်ဆီလီတာ အလိုက်ပဲ ရောင်းချဖို့ စစ်တပ်က ကန့်သတ်ထားပါတယ်။

နိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက် ၉၇ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတယ်လို့ စစ်တပ် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၅က အသိပေးထားပါတယ်။

အဲဒီ စက်သုံးဆီရရှိဖို့အတွက် အခု စစ်ပွဲတွေဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသကနေ ရေနံစည်တင်သွင်းပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ စက်သုံးဆီအဖြစ် အဆင်မြှင့်ပြီး မြန်မာနိုင်ငံကို ပင်လယ်ရေ ကြောင်းကနေ တဆင့်ပြန်တင်သွင်းရတာဖြစ်ပါတယ်။

လက်ရှိစက်သုံးဆီ အကြပ်အတည်းကြောင့် ပြည်တွင်းမှာ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်ဥ စျေးတွေ ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်နေပါတယ်။

ဆက်စပ်သတင်းများ