မတ်-၂၆၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ကသာမြို့နယ်မှာ ယမန်နေ့( မတ်လ ၂၅ရက်) ညနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ထုံးကြီးရွာတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲ ဖျက်ဆီးခဲ့ပါတယ်။
ည ၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီရက်တိုက်ပွဲဖြစ်နေတော့ ဆေးရုံမှာ ဘယ်သူမှမရှိလို့ တော်သေးတယ်။ တမင်သက်သက်ကို ဖျက်ဆီးသွားတာ။ အဆောက်အအုံတွေ ပျက်ကုန်တာ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ကသာမြို့နယ်မှာ မတ်လ ၂၀ရက်ကစပြီး စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ လေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။
သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရုပ်လောင်းအချို့ကို စစ်ကောင်စီက သုသာန်မှာ မီးရှို့ပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ကသာမြို့ဘေးပတ်ဝန်းကျင်က ရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့ပေါ်က မြောက်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းအချို့က သံဃာတော်တွေဟာ စစ်ကောင်စီတပ်ထံ ခွင့်တောင်းပြီး မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတယ်လို့ သိရပါတယ်။ စစ်တပ်က မြို့ခံတွေကို ထွက်ခွင့်မပေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ကိုရောက်နေတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေဟာ ပိတ်မိနေသူတွေရဲ့ ဓာတ်ပုံတွေကို တင်ပြီး လူမှုကွန်ရက်ကတဆင့် အဆက်အသွယ်ရအောင် ကြိုးစားနေကြပါတယ်။
မနေ့က မတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာတော့ ကသာမြို့မှာ ခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃စီးထဲက ၁စီးကို PDFပူးပေါင်းတပ်တွေ ပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။
ရဟတ်ယာဉ်၃စီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေချပြီး ပြန်တက်စဉ် PDF ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်အစီးကို ထိမှန်ပြီး မဘိမ်းမြို့နယ် ငအိုး ဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရတာလို့ သိရပါတယ်။
ဒီနေ့ မတ်လ၂၆ရက်မှာ မြေပြင်တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြို့ပြင်ဘက်မှာစစ်ရှောင်နေသူတစ်ဦးကပြောပါတယ်။


















































