မတ်-၂၉၊၂၀၂၆။မေရီ/People’s Spring
စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီဟာ လာမယ့် ဧပြီကစပြီး မြို့တွင်းရှိ အခွန်အခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပါတယ်။
စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီမှာစတင်မယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တပ်အာဏာသိမ်းထားလို့ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန် ကုန်စျေးနှုန်းများကြီးမြင့်နေတဲ့အပြင် စက်သုံးဆီရှားပါးမှုကြောင့်ပါ ပိုမိုကျပ်တည်းလာတာကြောင့် စည်ပင်ရဲ့အခွန်အခတိုးမယ့်ကြေညာချက်ကို ပြည်သူတွေ ဝေဖန်နေကြပါတယ်။

Public Service Announcement
“အရင်က စျေးကောက်က တစ်ရက် ၇၀၀ပဲ။ အခုနှစ်ထောင်ဖြစ်သွားတယ်။ ဒါတောင်ကိုယ့်အိမ်ရှေ့တင်ဖွင့်တာနော်။ ဆီတွေကရှား ကုန်စျေးနှုန်းတွေကတက် လူတွေမှအဆင်မပြေပါဘူးဆိုတာကို တက်တာ။ ခုဆိုင်ကို အိမ်ရှေ့မရောင်းတော့ဘူး”လို့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကုန်စိမ်းစျေးသည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာနိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရပြီးဘဏ္ဍာရေး အကျပ် အတည်းဆိုက်နေချိန်မှာယခုကဲ့သို့မြို့ပြပြည်သူတွေဆီကနေနည်းမျိုးစုံနဲ့ ငွေညှစ်ကာ စစ်စရိတ်ဖြည့်တင်းဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန် ရေး အင်အားစုများက ထောက်ပြထားပါတယ်။


















































