မတ်-၃၀၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။
ထီးချိုင့်မြို့နဲ့ဆက်စပ်နေတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကြောင်းတွေက ထီးချိုင့်မြို့ဘက်ကို ဝင်ရောက်လာတာကနေ မတ်လ ၁၉ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ထီးချိုင့်မြို့နယ်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ အင်အားအများအပြားဖြည့်ပြီး ဝင်ရောက်လာလို့ တော်လှန်ရေးတပ်တွေစာ မတ်လ၂၈ရက် နေ့လည်ပိုင်းမှာ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“မြို့ကို စကစက အရင်ကတည်းကထိန်းချုပ် ထားတာ။ တော်လှန်ရေးတပ်တွေက ဝိုင်းပိတ် ထားတဲ့အနေအထား။ အခုက အမြှောက်ဆင် ထားတဲ့ကုန်းကို စစ်တပ်က ထိုင်သွားလို့ ဆုတ် ပေးလိုက်တာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တကောင်းကို စစ်တပ်က ပြန်ရသွားတော့ အခြေအနေက ရှုပ်ထွေးသွားတယ်။ အထိအခိုက် တွေများမှာစိုးလို့ ဆုတ်ပေးထားပေမယ့် ပြောက်ကျားစစ်ရှိနေတယ်”လို့ ၎င်းက ဆက် ပြောပါတယ်။
ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ စစ်တပ်က မြို့ကို လေကြောင်းကနေ ဗုံးကြဲပြီး မီးရှို့လို့ တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။
မြတောင်ရွာ၊ တကောင်းနီကယ်စက်ရုံအနီးဝန်းကျင်အပါအဝင် မြို့အနီးက ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့ပါတယ်။မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီးဒေသခံတွေဟာ ၂၀၂၃ နိုဝင်ဘာကတည်းက ယခုထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာပါ။
ပြီးခဲ့တဲ့ မတ်လဆန်းက တကောင်းမြို့မှာတိုက် တိုက်ပွဲတွေပြင်းထန်နေစဉ် ထီးချိုင့်မြို့ကို စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၈ရက်ကနေ ၁၀ရက်အတွင်း ကလေးငယ်နဲ့ ကိုရင်အချို့အပါအဝင် ၁၀ဦးသေဆုံးပြီး၂၅ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
” အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတော့ တော်လှန်ရေးတပ်တွေက ရှောင်ပေးရတာ။ စစ်တပ်က စစ်တိုက်တာမဟုတ်ဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး နယ်မြေတွေ ပြန်ယူတာ”လို့ ထီးချိုင့်မြို့ကနေ တိမ်းရှောင်နေရသူ အရပ်သားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ထီးချ်ိုင့်မြို့ တိုင်းရင်းဆေးရုံနဲ့ ရင်ခွဲတောင်တို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ရင်ခွဲတောင်ဟာ ထီးချိုင့်အနောက်ဘက်ကနေ ကသာမြို့ကို ဆက်သွယ်ထားတဲ့ ခရိုင်ချင်းဆက် လမ်းမှာရှိပြီး စစ်တပ်စစ်ကြောင်းဟာ ကသာနဲ့အင်းတော်မြို့ကို ဦးတည်နိုင်တယ်လို့ တော်လှန်ရေး တပ်တွေက သုံးသပ်ပါတယ်။
ကသာခရိုင်ထဲမှာ ကသာ၊အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်မြို့နယ်တွေ ပါဝင်ပါတယ်။ တော်လှန်ရေးတပ်တွေဟာ အဲဒီမြို့သုံးမြို့ကို တချိန်တည်းတိုက်ထိုက်ခဲ့ပေမယ့် ကသာနဲ့ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။
အင်းတော်မြို့ကို PDFတွေနဲ့ မဟာမိတ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားပါတယ်။
ဗန်းမောက်မြို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပါတယ်။
စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။ ကသာမြို့မှာတော့ မတ်လ၂၀ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း မြို့အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပါတယ်။
ကသာမြို့ပေါ်ကို စစ်တပ်က အပြည့်အဝမထိန်းချုပ်နိုင်ပေမယ့် ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်ပြီး ဒေသခံတွေမြို့ထဲပြန်ဝင်လာဖို့ ဖိအားပေးနေပါတယ်။


















































