မတ်−၃၁၊၂၀၂၆။ ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မတ်လ ၃၁ရက် ည ၈နာရီခန့်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF သတင်းရင်းမြစ်တွေက သတိပေးပါတယ်။
စစ်တပ်က ယူမာကျေးရွာနဲ့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
” ပြင်းပြင်းထန်ထန်ကိုပစ်နေတာ။ ရှေ့ရက်တွေကဖြစ်ပေမယ့်အခုညလောက် မဆိုးဘူး။ ဒီညဘယ်လိုအိပ်ရမယ်မှန်းမသိတာ”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်နက်ကြီးအန္တရာယ်ရှိနေတဲ့အတွက် စိတ်ချလုံခြုံတဲ့နေရာမှာ အိပ်ကြဖို့ KIA၊KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ မတ်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်နေတာဖြစ်ပါတယ်။
မတ်လ ၄ရက်က တိုက်ပွဲမှာ မွနယစစ်တပ်ဗျူဟာကုန်းကနေပစ်ခတ်တဲ့လက်နက်ကြီးက ကလပ်ကုန်းလမ်းကြားထဲကကို ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၃ရက်မနက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီလ ၁၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။
စစ်တပ်ကဗျူဟာကုန်းကနေ လက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။
လက်ရှိအခြေနေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ရမ်းသမ်းပစ်ခတ်နေတာလို့ KIA၊KPDF သတင်းရင်းမြစ်က ပြောပါတယ်။


















































