Connect with us

Hi, what are you looking for?

သတင်း

စုံ/မ စနစ်ဖျက်သိမ်းမှု မဟုတ်၊ ယာဉ်တွေကို ဖမ်းဆီး ငွေညှစ်နေ

မော်တော်​ယာဉ်တွေ အသုံးပြုခွင့် ကန့်သတ်ထားတဲ့ စုံ/မ စနစ်ကို ီုကနေ့ ဧပြီ ၁ ရက်ကစပြီး ပယ်ဖျက်တယ်ဆိုတဲ့သတင်းမှာ မဟုတ်မှန်ဘဲ စစ်ကောင်စီဝင်တွေက ဖမ်းဆီးငွေညှစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ရန်ကုန်မြို့တွင် မော်တော်ယာဥ်များအား စုံ/မ စစ်ဆေးနေသော စစ်ကောင်စီစစ်ဆေးရေးအဖွဲ့အား မတ်လဒုတိယပတ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ − CJ

​ ဧပြီ ၁၊၂၀၂၆။ဟာနာဆန်/People’s Spring

မော်တော်​ယာဉ်တွေ အသုံးပြုခွင့် ကန့်သတ်ထားတဲ့ စုံ/မ စနစ်ကို ဒီကနေ့ ဧပြီ ၁ ရက်ကစပြီး ပယ်ဖျက်တယ်ဆိုတဲ့သတင်းမှာ မဟုတ်မှန်ဘဲ စစ်ကောင်စီဝင်တွေက ဖမ်းဆီးငွေညှစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ မော်တော်ယာဥ်တွေကို စုံ/မ စနစ်နဲ့ ကန့်သတ်ထားမှု ပယ်ဖျက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အဆိုပါသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဖမ်းဆီးငွေညှစ်နေဆဲဖြစ်ကြောင်း ရန်ကုန်နဲ့ မန္တလေးမြို့က မော်တော်ယာဥ်ပိုင်ရှင်အချို့က ပြောပါတယ်။

“မနက်ကပဲသာကေတမှာ ဖမ်းခံရလို့ ပိုက်ဆံပေးလိုက်ရပါတယ်။ ချလံအ​ဖြတ်မခံရပါဘူး။ ငွေတော့ပေးလိုက်ရပါတယ်”လို့ ရန်ကုန်မြို့က ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ စုံ/မစနစ်ကို မတ်လ ၇ ရက်က စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေဟာ အဲဒီစနစ်ကြောင့် သွားလာရေးအခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် ဖျက်သိမ်းစေချင်နေကြပါတယ်။

ဒါ့အပြင် စက်သုံးဆီ အရောင်းဆိုင်တွေမှာလည်း ယခင်အတိုင်း စနစ်မပြောင်းဘဲ ယနေ့ (ဧပြီ ၁ ရက်) (မ) ရက်မှာ (မ) ဂဏန်း ယာဉ်တွေကိုသာ ရောင်းချပေးနေကြောင်း မြေပြင်စုံစမ်းမှုများအရ သိရပါတယ်။

“ကျွန်တော်တို့ဆီကို တိုက်ရိုက်ညွှန်ကြားချက်မလာသေးပါဘူး။ ပုံမှန်အတိုင်း စုံမခွဲပြီးပဲ ရောင်းပေးနေပါတယ်”လို့ မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ ၃၁ရက်နဲ့ ဧပြီ ၁ ရက်၊ မ ရက်နှစ်ရက်ဆက်တိုက်ဖြစ်သွားတာ၊ တစ်ပတ်တာ စက်သုံးဆီဝယ်ယူခွင့် နှစ်ရက်ပြည့်သွားတာတွေကြောင့် မန္တလေးမြို့က စက်သုံးဆီတန်းစီတဲ့ယာဥ်တွေဟာ ယခင်ရက်တွေထက်တော့ အနည်းငယ် လျော့နည်းတယ်လို့ စက်သုံးဆီဝယ်ယူခဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စက်သုံးဆီရှားပါးမှုပြဿနာကို ကောင်းစွာကိုင်တွယ်နိုင်ခြင်းမရှိတာကြောင့် ပြည်သူတွေဟာ စက်သုံးဆီကို ညအိပ်တန်းစီကာဝယ်ယူနေရပြီး အပူဒဏ်ကြောင့် ၂ ဦးထက်မနည်းသေဆုံးကာ မူးဝေလဲကျသူတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ