ဧပြီ – ၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာ နယ်စပ်အနီး မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ဝေါ်လေဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဗျုဟာအနီးက ထီးသဲလယ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ဒေသခံ အချို့ဆီကသိရပါတယ်။
မတ်လ ၃၀ ရက်ညပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝေါ်လေဗျုဟာ စခန်းသိမ်းတိုက်ပွဲ စတင်ရာမှာ ဧပြီလ ၁ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းမကျဖို့ စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူပေးနေတာပါ။
စခန်းတိုက်ခိုက်ခံရပြီး နောက်ရက် မတ်လ ၃၁ ရက်စတင်ပြီး ထီးသဲလယ်ရွာကို ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ရွာထိခိုက်ပျက်စီးသွားတာဖြစ်ပြီး ဝေါ်လေမြို့ပေါ်လည်းလက်နက်ကြီးကျလို့ အရပ်သားတချို့ ထိခိုက်မှု ရှိတယ်လို့ ဝေါ်လေမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ထီးသဲလယ်ကျေးရွာဟာ ဝေါ်လေတိုက်ပွဲကြောင့် တစ်ရွာလုံး စစ်ဘေးရှောင်တိမ်းနေရတဲ့ရွာပါ။
“(ထီးသဲလယ်ရွာ)တော်တော်များများကုန်ပြီထင်တာပဲ၊ ဒီနေ့တစ်နေကုန် လေယာဉ်လာကြဲတာ” လို့ ဝေါ်လေဒေသခံက မနေ့ (ဧပြီ ၁ ရက်)မှာ ပြောပါတယ်။
ဝေါ်လေမြို့နဲ့ ထီးသဲလယ်ရွာသွားတဲ့လမ်းမှာ စစ်တပ်ရဲ့ ဗျုဟာစခန်းကုန်းတည်ရှိတာပါ။
အဲဒီ ဗျုဟာစခန်းအနီးမှာ ကာကင်းစခန်းတစ်ခုရှိပြီး ကာကင်းနဲ့ဗျုဟာစခန်းကုန်းတို့ကို KNU ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာပါ။
တဖက်မှာလည်း ဝေါ်လေဗျုဟာဆီ စစ်ကူပေးပို့ဖို့၊ ဝေါ်လေ-မြ၀တီလမ်းပိုင်းနဲ့ ဖလူး၊မင်းလက်ပံဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်စစ်ကြောင်းတွေဟာမြ၀တီ၊လေးကေကော်မြို့သစ်ကနေတဆင့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး မနေ့ အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံကပြောပါတယ်။
“မင်းလက်ပံဖလူးက တိုက်ပွဲတွေကြမ်းနေဆဲပဲ”လို့ ဖလူးဒေသခံတစ်ဦးက ပြောပါတယ်။
ဖလူးဒေသတိုက်ပွဲမှာဆိုရင် သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကိုကင်းကျေးရွာဘက်လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး မြန်မာစစ်ရှောင်တွေအပါအဝင် အရပ်သားတချို့ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ဒေသခံ


















































