ဖေဖော်ဝါရီ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring
ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး ထပ်မံသေဆုံးသွားပြီးစုစုပေါင်းသေဆုံးသူ ၁၈ဦး ရှိလာပါတယ်။
စစ်တပ်က ယိုးငူကျေးရွာဈေးကို ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။ကလေးငယ်တွေ၊ ဈေးရောင်းသူ၊ဝယ်သူတွေအပါအဝင် ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) က ဖေဖော်ဝါရီလ ၂၄ ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယမန်နေညပိုင်းစာရင်းတွေအထိသေဆုံးသူ ၁၇ဦးထဲမှာ ကလေး၄ ဦးပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာလည်း ကလေး ၃ဦး ပါဝင်တယ်လို့ သိရပါတယ်။ဒဏ်ရာရသူတွေထဲက အမျိုးသမီးတဦးဟာ ဒီနေ့(ဖေဖော်ဝါရီ ၂၅)မနက်ပိုင်းမှာ ထပ်မံသေဆုံးသွားတယ်လို့ ထိခိုက်သေဆုံးသူတွေကိုအကူအညီပေးနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။ဒါကြောင့် သေဆုံးသူ ၁၈ ဦးရှိလာပါတယ်။

Public Service Announcement

သေဆုံးသူတွေဟာဈေးရောင်းဈေးဝယ်နေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး နေအိမ်၊ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ AAကထုတ်ပြန်ထားပါတယ်။စစ်ရေးနဲ့လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ယိုးငူရွာ ဈေးဆိုင်တန်းကိုပစ်မှတ်ထားပြီး နေ့ခင်းကြောင်တောင် လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာစစ်ရာဇဝတ်မှု (War Crimes)နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဖေဖော်ဝါရီ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ထိရောက်စွာ အရေးယူပေးဖို့လည်း HDCOကတောင်းဆိုထားပါတယ်။
လက်ရှိမှာရခိုင်ပြည်နယ်အတွင်း စစ်တွေနဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ AAက သတင်းမထုတ်ပြန်သေးပေမယ့် မြေပြင်မှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တရုတ်အစိုးရရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းစက်ရုံက စက်ပစ္စည်းတွေကို တရုတ်နိုင်ငံသားဝန်ထမ်းတွေက နေရာရွှေ့ပြောင်းနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

စစ်ရေးရှုံးနိမ့်နေတဲ့စစ်တပ်က အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတယ်လို့ AAက မကြာခဏသတိပေးနေပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၁၀ရက်၊ ကမ္ဘာ့လူ့အခွင့်အရေးနေ့ကလည်း မြောက်ဦးမြို့ဆေးရုံကိုဗုံးကြဲလို့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ညကလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကျောက်တော်မြို့နယ်အစပ် ချောင်းတူကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနဲ့သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။


















































