ဧပြီ-၁၄၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။
ဒီနေ့ (ဧပြီ ၁၄) နေ့လည်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း တောင်မြောက်လမ်းဆုံအနီးမှာ ရေပက်ခံ ကားဘီးကျွတ်ပြီး လမ်းလယ်တုံးတိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ YROက အသိပေးထားပါတယ်။
ကားပေါ်မှာ လိုက်ပါလာသူ ၁၃ ဦးအနက် ၇ ဦးဒဏ်ရာရရှိခဲ့တာကြောင့် မြို့ဦးလုလင်နာရေးကူညီမှုအသင်းနဲ့ (၂၈)ရပ်ကွက်လူမှုကူညီရေးအသင်းတို့ရဲ့ လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ဦး နဲ့ ကလေးတစ်ဦးလည်းပါဝင်တယ်လို့ YROက ဆိုပါတယ်။
ရန်ကုန်မြို့မှာ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုတွေဖြစ်နေတာကြောင့် ဂရုစိုက်မောင်းနှင်ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ဓာတ်ပုံ – YRO


















































