ဧပြီ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ထံ ဂုဏ်ပြုကြောင်း PSLF/TNLAက ဧပြီ ၁၅ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေက အဲဒီ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့မှု လုပ်ရပ်ကို ကန့်ကွက်ခဲ့သလို TLECကလည်း သူတို့ရဲ့ သဘောထား မဟုတ်ဟု အခုလို ရှင်းလင်း အသိပေးခဲ့တာပါ။
“မိမိတို့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) သည် ဖက်ဒရယ်ပညာရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများအတူ တစ်စိတ်တည်း တစ် ဝမ်းတည်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်” လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement
TLEC ဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် တအာင်းဒေသ ကျောင်းသူ ကျောင်းသားများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး၊ ပညာ ဆက်လက်သင်ယူနိုင်ရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ကာ လွတ်လပ်ပြီး တရားမျှ တတဲ ဒေသအ ခြေပြု ဖက်ဒရယ် ပညာရေးစနစ်ကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိတယ်လို့ အသိပေးပါတယ်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းကပင် တအာင်းနိုင်ငံ ရေးအင်အားစုများ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များရဲ့ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို PSLF/TNLAက ဂုဏ်ပြု သဝဏ်လွှာပေးပို့မှုဟာ နိုင်ငံရေးအရ ရင်းနှီးမှုများတဲ့ လုပ်ရပ်ဖြစ်ပြီး တော်လှန်ပြည်သူတွေက ခွင့်လွှတ်နိုင်ပါအုံးမလားဆိုတာ စိုးရိမ်နေရကြောင်း တအာင်းအဖွဲ့အစည်းတခု တာဝန်ရှိသူ တယောက်က ပြောကြားပါတယ်။
ရှမ်းမြောက်နိုင်ငံရေး စစ်ရေးလေ့လာသူတဦးကလည်း “TNLA ဘက်က ထုတ်ပြန်လာတဲ့စာဟာ တအာင်းတမျိုးသားလုံးရဲ့ သဘောထားမဟုတ်ဘူးလို့ အဲဒီလိုပဲ နားလည်ထားပါတယ်။ပလောင် တမျိုးသားလုံး အပါအဝင် ပေါ့ ဒီ TNLA ရဲ့ တပ်မဟာပိုင်း အဆင့်က အရာရှိတွေရဲ့ သဘောထား အမြင်လည်းမပါဘူးလို့ ကျနော် အဲဒီလို သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဂုဏ်ပြုတဲ့စာဟာ TNLA ခေါင်းဆောင်အချို့ရဲ့ အကြပ်အတည်းတွေအပေါ် ထွက်ပေါက်ရှာတဲ့ သဘောထားသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက TNLAကို လေကြောင်းအပါအဝင် စစ်ရေးအရ ဖိအားပေးတာ၊ တရုတ်အစိုးရကတဆင့် ဖိအားပေးတာ ပြုလုပ်ခဲ့သလို TNLA အနေနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ကချင် KIA၊ ကိုးကန့် MNDAA၊ ရှမ်း SSPP တို့နဲ့ နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုတွေဖြစ်ပြိး အားနည်းချက်တွေများစွာ ရှိခဲ့ကြောင်း ရှမ်းမြောက် စစ်ရေး နိုင်ငံရေးလေ့လာသူက ပြောပါတယ်။
“အခုအခြေအနေက TNLAကို ဒီလို ထုတ်ပြန်လာလို့ သူ့ကို ဘေးဖယ်ထားမယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့အားလုံးအတွက် ပိုပြီး ဆိုးကျိုးသက်ရောက်လာနိုင်တယ်။ ဒါကြောင့် သူကိုဖယ်ထုတ်ထားလို့မရပါဘူး။ အတက်နိုင်ဆုံးတော့ TNLAကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင်တွေ အားလုံးက သူ့ကို အားပေးရမယ်။ စည်းလုံးနိုင်အောင်တော့ ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။ သူ့ကို အတက်နိုင်ဆုံးတော့ ဝိုင်းကူဖို့ပဲ လိုပါတယ်။ ဒီ TNLAလိုပဲ တရုတ်အစိုးရနဲ့ စစ်ကောင်စီကတော့ တဖွဲ့ပြီး တဖွဲ့ မရရတဲ့နည်းနဲ့ ဘေးကြပ်နံကြပ်ဖြစ်အောင်စစ်ရေး၊ နိုင်ငံရေးလေကြောင်း ဘက်ပေါင်းစုံကနေ ထပ်ပြီးဖိအားပေးလာမှာကတော့ သေချာတယ်။”လို့ ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံး ပြိုင်တူထိုးစစ်ဆင်ဖို့ လိုသလို အခုလို ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ TNLAကဲ့သို့အဖွဲ့တွေကို စည်းရုံးပြီး ဖေးမကူညီဖို့ ကိစ္စဟာလည်း အရေးကြီးကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။


















































