ဧပြီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ ဧပြီ ၁၈ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ဧပြီ ၁၈ရက် မနက်က KIA တပ်မဟာ(၂)နယ်မြေ ဟူးကောင်းဒေသက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စွဲထားတဲ့ အွယ်လော နဲ့ ခလမ်ကောင့် စခန်းနေရာ ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ 7Stars News က ဖော်ပြထားတဲ့အပေါ် စစ်ရေးသတင်းရင်းမြစ်က စခန်းသိမ်းတာအတည်ပြုရတယ်လို့ အသိပေးပါတယ်။
စခန်းသိမ်းတိုက်ခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

Public Service Announcement
KIAနဲ့ စစ်ကောင်စီတို့ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားလျက်ရှိရာ မင်းဇေသန့်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဖားကန့်စစ်မျက်နှာကို အင်အားဖြည့်တင်းပါဝင်နေတာဖြစ်ပြီး အဲဒီ တပ်တွေကို KIAက ထိုးစစ်ဆင်ခဲ့တာလို့ 7Stars Newsက ဖော်ပြထားပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ အခုဧပြီလဆန်းမှာ ဖားကန့်ဒေသက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီကလည်း တန်ပြန်ထိုးစစ်တွေ ပြုလုပ်နေလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။


















































