Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH ကိုသာဆက်လက်အသိအမှတ်ပြုမယ်လို့ဆုံးဖြတ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ ​NUG နိုင်ငံခြား​ရေးဝန်ကြီး မိန့်ခွန်း​ပြောကြားစဥ်၊ညီလာခံကျင်းပ​နေစဥ်။ဓါတ်ပုံ-CRPH

■ IPU ကစစ်တပ်လွှတ်​တော်ကိုအသိအမှတ်မပြုတာ​ကြောင့် စစ်အုပ်စုရဲ့တရားဝင်မှုရရေးကြိုးပမ်းမှုကိုတားဆီးနိုင်ခဲ့ခြင်းဖြစ်ဟု CRPH ထုတ်ပြန်

ဧပြီ ၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၉ရက်မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက CRPH အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)ရဲ့အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တာလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုကို အသိအမှတ်မပြုကြောင်းနဲ့ CRPH ကို ဆက်လက်အသိအမှတ်ပြုဖို့ ဆုံးဖြတ်ရန် အတွက် IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က တင်ပြခဲ့ရာ တင်ပြချက်အတိုင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်စဉ် ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ပွဲများကို ဖျက်သိမ်းခဲ့ခြင်းကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရတယ်လို့ IPUအထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှမှုရှိတာကို တွေ့ရတာကြောင့် အဲဒီ အချိန်ကတည်းက IPU အနေနဲ့ မြန်မာပြည်သူတို့ရဲ့ ကိုယ်စားပြုကော်မတီနဲ့သာ ထိတွေ့ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်နဲ့ ဒီနှစ်အစောပိုင်းမှာရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပေမယ့်ယင်းရွေးကောက်ပွဲများကို ဘယ်သူမှ အသိအမှတ်မပြုဟု IPU အထွေထွေအတွင်းရေးမှူးချုပ်က ရှင်းလင်းတင်ပြပါတယ်။

“ဒါကြောင့် ဒီရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ထားတယ်ဆိုတဲ့ လွှတ်တော်ကိုလည်း အိမ်နီးချင်း အာဆီယံ အပါအဝင် ဘယ်အဖွဲ့အစည်းကမှ အသိအမှတ်ပြုမထားပါဘူး” လို့ IPU အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပိုပြီး တရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အချိန်အထိ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို သူတို့ရဲ့ အဖွဲ့အစည်းတွေမှာ ပြည့်ပြည့်၀၀ ကိုယ်စားပြုနိုင်တဲ့အချိန်အထိ IPU အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ ကော်မတီနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း IPU အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဖြင့် ဖန်တီးထားသော အတုအယောင် လွှတ်တော်ပေါ်ပေါက်ပြီးချိန်တွင်ပင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတို့အား ကိုယ်စားပြုသည့် တရားဝင် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆက်လက်အသိအမှတ်ပြုခံရခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ခဲ့ကြသည့် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကြောင့်သာ ဖြစ်ပါသည်။ ယခုအသိအမှတ်ပြုမှုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အင်အားစုများနှင့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်ကို ဂုဏ်ယူစွာဖြင့် ဖော်ပြလိုပါသည်” လို့လည်း CRPHက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခုလို နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိနေခြင်းကြောင့် ပြည်သူလူထုရဲ့ အသံများကို ကမ္ဘာ့စင်မြင့်များတွင်ထုတ်ဖော်ပြောကြားခွင့်ရနေခြင်းဖြစ်ကြောင်းလည်း CRPHက ထုတ်ပြန်ပါတယ်။

အခုလို အသိအမှတ်ပြုမှုဟာ မြန်မာပြည်သူများအား ဆက်လက်ဖိနှိပ်အုပ်ချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကအတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင်လွှတ်တော်ဖန်တီးပြီး ပြည်သူ့ဆင့်လွှဲအာဏာအား ဖျက်ဆီးရန်နဲ့ တရားမဝင်စစ်အုပ်ချုပ်ရေးအား တရားဝင်မှုရရှိရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူလူထုကဒီမိုကရေစီနည်းကျ ယုံကြည်အားကိုးစွာ ဆင့်လွှဲအာဏာ အပ်နှင်းထားခံရသူများဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက သိမ်းယူထားသည့် ပြည်သူ့အာဏာအား ပြည်သူလူထုထံ ပြန်လည်အပ်နှင်းနိုင်ရေး ကြိုးပမ်းနေကြသူများ ဖြစ်ကြောင်းလည်း CRPHက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။