ဧပြီ – ၂၉ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။
အဲဒီစည်းကမ်းချက်တွေကို ဧပြီလ ၂၃ ရက်က မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ( ၂၇၅) ခြေလျင်တပ်ရင်းဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တပ်မ ၂၂ တပ်မမှုးက ထုတ်ပြန်တာလို့သိရပါတယ်။
အစည်းအဝေးကိုတော့ မြဝတီမြို့မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်းတက်ရောက်ကြတာပါ။

Public Service Announcement
မြဝတီမြို့အတွင်းသွားလာကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ယူနီဖောင်းကို အပြည့်အစုံဝတ်ဆင်ဖို့ ၊ သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ စစ်စည်းကမ်းအတိုင်းသွားလာကြဖို့ ၊ မြို့ပေါ်မှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဆောင်ဖို့ ၊ လက်နက်တွေကို သက်ဆိုင်ရာ တပ်ရင်းဌာန စည်းကမ်းထိန်းသိမ်းရေးရုံးတွေမှာ အပ်နှံထားဖို့ စစ်တပ်က စည်းကမ်းထုတ်တယ်လို့သိရပါတယ်။
ဒါအပြင် ထိုင်း – မြန်မာကုန်သွယ်ရေး အမှတ် (၂) ချစ်ကြည်ရေးတံတားပြန်ဖွင့်ချိန်မှာတရားမဝင်ဂိတ်တွေကို ပြန်လည်ထိန်းချုပ်ပေးဖို့ ၊ မြို့တွင်း စားသောက်ဆိုင် ၊ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက် ကိုင်ကာ ဝင်ရောက်စားသောက်တာတွေမလုပ်ဖို့ ၊ လက်နက်ကိုင်တွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် KTV တွေမှာ လက်နက်ကိုင် လုံခြုံရေးတွေချထားတာမပြုလုပ်ဖို့အချက်တွေကိုလည်း စစ်တပ်က တားမြစ်ထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်တဲ့လက်နက်တွေ စစ်ဆေးတွေ့ရှိရင် တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့အမှုဖွင့်အရေးယူမယ်ဆိုတာကိုလည်းစစ်တပ်က ခြိမ်းခြောက်ထားပါတယ်။
အခုလို စည်းကမ်းချက်တွေထုတ်ပြန်ရတာက မြို့နေပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ဆူးငြောင့်ခလုတ်မဖြစ်စေဖို့ ဆိုပြီး စစ်တပ်က အကြောင်းပြထားပါတယ်။
ဒါက အသစ်ပြောင်းရွှေ့လာတဲ့ တပ်မ (၂၂) တပ်မမှုးဟာ မြဝတီမြို့က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိအားပေးတဲ့ သဘော စည်းကမ်း ထုတ်ပြန်တာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ မဝံ့ဘူးလို့ မြဝတီမြို့ခံ အချို့က ဆိုပါတယ်။
“လက်နက်တွေနဲ့ မသွားရဘူး ၊လက်နက်ထောင်ပြီး မသွားရဘူးလို့ ဟိုတခါလုပ်ပြီးသွားပြီလေ၊ အစည်းအဝေးက ၊ တပ်မ ၂၂ တပ်မမှူးရှိတဲ့တစ်ခါ လုပ်ပြီးသွားပြီ၊ တပ်မ ၂၂ တပ်မမှူးပြောင်းသွားတော့ အခုနောက်တစ်ယောက်ထပ်လာတော့ နောက်တစ်ခါထပ်လုပ်ပြန်ပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနှစ်အစောပိုင်း ဇန်နဝါရီလကလည်း မြ၀တီမြို့တွင်းမှာ ရှိနေတဲ့ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(KNA)တပ်တွေကို မြို့ပေါ်ကနေ ပြန်လည်ထွက်ခွာသွားဖို့ တပ်မ(၂၂) တပ်မမှူးက ဖိအားပေးခဲ့ပေမယ့် KNA တပ်ဖွဲ့တွေကတော့ ထွက်ခွာတာမရှိပဲ မြို့တွင်းပေါ်မှာသာ ဆက်လက် နေထိုင်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း BGF ၊ DKBA ၊ KNU/KNLA PC တပ်ဖွဲ့တွေကို မြ၀တီမြို့လုံခြုံရေးမှာ ပူးပေါင်းပါဝင်ကူညီဖို့နဲ့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းတွေ ပေးဖို့ စစ်တပ်က အမိန့်ထုတ်ထားခဲ့တာပါ။
အခုလက်ရှိ မြ၀တီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ ကရင်အမျိုးသားတပ်မတော်(KNA)၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့ ရှိနေကြပါတယ်။
















































