မေ-၃၊၂၀၂၆။မိထက်/People’s Spring
စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
လားရှိုးမြို့ရပ်ကွက်(၁)ထဲမှာ မနေ့က မေလ၂ရက်က အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
“စတိုးဆိုင်တွဲဖွင့်ထားတဲ့အိမ်ထဲဝင်ပြီးလူကိုဖမ်းတာ။ မျက်နှာဖုံးတွေဆိုပြီး လေးယောက်ဝင်လာတာ။ အိမ်ရှင်အမျိုးသားကပါးနပ်တော့ အတင်းထွက်ပြေးလို့ လွတ်တာ”လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကားနဲ့လာတဲ့အမျိုးသားလေးဦးက ပြန်ပေးဆွဲဖို့ကြိုးပမ်းစဉ်မှာ အိမ်ရှင်က အပြင်ပြေးထွက်ပြီး ကားကို တရကြမ်းမောင်းထွက်လာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက်ပိုင်း အိမ်ထဲက အမျိုးသားလေးဦးကလည်း ကားမောင်းပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်မတော်(MNDAA) က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ အကူအညီနဲ့ စစ်ကောင်စီက ၂၀၂၅ ဧပြီမှာ ပြန်လည်ထိန်းချုပ်ထားပါတယ်။
အဲ့ဒီနောက်ပိုင်းလားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။
လားရှိုးမြို့မှာ ၂၀၂၅ ဧပြီကနေ လက်ရှိ ၂၀၂၆ မေလအတွင်း အမျိုးသမီးတချို့ ကားလုယက်ခံရမှု၊ ဘုန်းကြီးအသတ်ခံရမှု၊ သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်မှု၊ ပြန်ပေးဆွဲပြီး ငွေတောင်းမှု၊ လမ်းလယ်ခေါင် သေနတ်နဲ့ပစ်ခတ်လုပ်ကြံမှု၊ ရွှေဆိုင် ဓားပြတိုက်ခံရမှုတွေလို အမှုတွေ ၃၀ထက်မနည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ လာရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုလက်လွတ်ခဲ့ရပါတယ်။
လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နဲ့ မိုးမိတ်မြို့တွေကို တရုတ်အစိုးရရဲ့အကူအညီနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် အုပ်ချုပ်ရေး ယန္တရားတတည်ဆောက်နိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ရောင်းဝယ်မှုတွေပိုမိုများပြားလာပြီး တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးလို့ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်၊ ဝတပ်ဖွဲ့(UWSA)ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နယ်နဲ့ မိုင်းလားအဖွဲ့(NDAA)ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်၊ တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ခမ်း၊နမ့်ဆန်၊မန်တုံမြို့နယ်၊ ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ သိန္နီ၊ကွမ်းလုံ၊လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ စစ်ကောင်စီ တပ်စွဲထားပေမယ့်ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ မိုးမိတ်၊ကျောက်မဲ၊သီပေါမြို့နယ်တွေကို
စစ်ကောင်စီက ဧပြီ၂၃ရက် အရေးပေါ်အခြေအနေကြေညာထားပါတယ်။
” အရေးပေါ်အခြေအနေကြေညာတာကသူတို့ထိန်းချုပ်နိုင်ဖို့။ မြို့ခံတွေရင်ဆိုင်နေရတဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာကို သူတို့စိတ်မဝင်စားဘူး”လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ပေါ်မှာဖြစ်ပွားတဲ့ လုယက်သတ်ဖြတ်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။


















































