Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ခံနေရတဲ့ သံတောင်ကြီးကစစ်ရှောင်တွေ အကူအညီလိုအပ်နေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံတောင်ကြီး မြောက်ပိုင်းကျေးရွာက ဒေသခံတွေ။ ဓာတ်ပုံ - ပေးပို့)

မေ-၃၊၂၀၂၆။ဒလပန်း/People’s Spring

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက ဒေသခံ ၂၃၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတာလည်းဖြစ်ပါတယ်။

” စစ်ဘေးရှောင်တွေက လေကြောင်းတွေထိတဲ့အခါကြတော့ တော်တော်လေးခံစားရတာပေါ့ ပြည်သူတွေလည်းထိခိုက်ဒဏ်ရာရတယ် သေဆုံးတာတွေလည်းရှိတယ်။ အဓိက စစ်ဘေးရှောင်တွေများတော့ စားဝတ်နေရေးအခက်အခဲ အမျိုးအသုံးဆောင် ပစ္စည်းတွေ နေစရာထိုင်စရာတွေ ဒါတွေအများကြီးခက်ခဲမှုရှိတယ် ဒါတွေအရမ်းကြုံတွေ့နေရပါတယ် “လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ သံတောင်ကြီးမြို့နယ်မြောက်ပိုင်း လိပ်သိုဘက်အခြမ်းက ကျေးရွာတွေဖြစ်တဲ့ ကျောက်ကြီးတောင်ရွာသစ်၊ ကျောက်ကြီးတောင်ရွာမ၊ ညောင်ပင်တောင်၊ ကျွန်းတောကုန်း၊ ဥယျာဥ်စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေဟာ တောင်ငူ၊ ရေတာရှည်နဲ့ လိပ်သိုမြို့တွေအပါအဝင် နီးစပ်ရာနေရာမှာ စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံတောင်ကြီး မြောက်ပိုင်းကျေးရွာက ဒေသခံတွေ။ ဓာတ်ပုံ – ပေးပို့)

” အဓိကတော့ နေရပ်စွန့်ခွာလာကြတာဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတော့ အဓိကတော့ စားဝတ်နေရေးပေါ့ စားဖို့သောက်ဖို့ နောက်ပြီးတော့ ဆေးဝါးပေါ့ အခြေခံ အသုံးဆောင်ပစ္စည်းတွေတော့ လိုတာပေါ့ “လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ဧပြီ ၂၂ ရက်မှာ နေပြည်တော်၊ လယ်ဝေးမြို့နယ် အရှေ့တောင်ခြမ်းနဲ့ သံတောင်ကြီးအစပ်က အောင်ချမ်းသာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

တပ်စခန်းတိုက်ခိုက်ခံပြီးနောက် စစ်တပ်က သံတောင်ကြီးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

” လေကြောင်းတိုက်ခိုက်မှုကလည်းအကြီးအကျယ်ပဲ ။ ပြီးတော့ လက်နက်ကြီး ပစ်တာတွေလည်းရှိတယ် ။ အခုရက်ပိုင်းက ဆက်နေတယ်။ ပျားစခန်းဘက်မှာ လက်နက်ကြီးတွေကျတာရှိတယ်။ ပြည်သူတွေကလည်းတော်တော်များများရှောင်လာရတယ်။ စစ်ရှောင်တွေက အများကြီးဖြစ်နေတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ဧပြီ ၂၂ ရက်မှာ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲရှိ ဘုံတောင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် ဧပြီ ၂၇ ရက်မှာလည်း သံတောင်ကြီးမြို့နယ် ဗဟန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နဲ့ ၂၇ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုံတောင်နဲ့ ဗဟန်းကျေးရွာက ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook