Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်းဆန့်ကျင်ကြောင်း ကချင်ဒေသခံနဲ့ အရပ်ဘက်အဖွဲ့ ၅၀ခန့် ထုတ်ပြန်

စီမံကိန်းကန့်ကွက်မှု အရေးယူမယ်လို့ခြိမ်းခြောက်တာ၊ အတုအယောင်လူထုဆန္ဒခံယူပွဲလုပ်တာတွေ ရပ်ဖို့ တောင်းဆို

(အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ဆောင်ဖို့ ပြင်ဆင်ကြိုးပမ်းနေတဲ့အပေါ် မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံတွေက ဧပြီ ၂၉ရက်မှာ ဆန္ဒထုတ်ဖော်ကန့်ကွက်နေစဉ်။ ဓာတ်ပုံ - ပေးပို့)

မေ-၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နိုင်ရေးကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ကချင်ပြည်နယ် ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း(၄၉)ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။

၂၀၂၅ ဒီဇင်ဘာကစတင်ပြီး စစ်အုပ်စုက မြစ်ဆုံဆည်စီမံကိန်းလုပ်ဆောင်ဖို့ ထုတ်ဖော်ပြောဆိုတာ၊ လူထုတွေဆုံပွဲတွေလုပ်ပြီး စည်းရုံးတာ၊ အမိန့်ထုတ်ပြန်ပြီး စီမံကိန်းကန့်ကွက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာ စတာတွေ စစ်ကောင်စီဘက်က လုပ်ဆောင်လာသလို ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြတာ၊ စီမံကိန်း ကန့်ကွက်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်အသိပေးတာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၆ရက်ကထုတ်ပြန်တဲ့ အမိန့်စာမှာ စီမံကိန်းတွေကို ကန့်ကွက်ဆန့်ကျင်တဲ့ လူပုဂ္ဂိုလ်(သို့မဟုတ်) အဖွဲ့အစည်းများအပေါ် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ပါရှိတာဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်များအပေါ်ခြိမ်းခြောက်ခြင်းဖြစ်သလု အတုအယောင် လူထုသဘောဆန္ဒခံယူပွဲများလုပ်ဆောင်နေကြောင်း အဖွဲ့အစည်း ၄၉ ခုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” မြစ်ဆုံဆည် စီမံကိန်းသည် စစ်အာဏာရှင် ခေတ်အဆက်ဆက်မှ တရုတ်အစိုးရနှင့် အာဏာရှင်တစ်စု တို့ သဘောတူထားသော ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားရှေးရှုကာ ပြည်သူလူထု သဘောဆန္ဒရယူခြင်းမရှိဘဲ အတင်းအဓမ္မ အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စီမံကိန်းဟာ စင်္ကာပူနိုင်ငံ အကျယ်အဝန်းအရွယ်အစားခန့် ရေလွှမ်းစေမယ့်နည်းသုံးမယ့် စီမံကိန်းဖြစ်ပြး ရေအရင်းမြစ်ပျက်စီးစေသည်သာမက ကုန်းနေ၊ ရေနေ၊ ဇီဝမျိုးစုံ မျိုးကွဲများရဲ့ ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု သုသေသန ရလဒ်ကို ဖော်ပြထားပါတယ်။

ဒါ့အပြင် စီမံကိန်းကြောင့် လူဦးရေ ၁၂၀၀၀ခန့် အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းခံခဲ့ရကြောင်းနဲ့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လုပ်ကိုင် စားသောက်လာခဲ့သော အိုးအိမ်၊ မြေယာများ အတင်းအဓမ္မသိမ်းဆည်း ခံခဲ့ရသလု အထွတ်အမြတ်ထားသော ဝိညာဉ်ရေးရာနဲ့ ရိုးရာယဉ်ကျေးမှု အရ သမိုင်းဝင် အမွေအနှစ် စိုက်ပျိုးမွေးမြူရေး ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်း များကိုပါ ဆုံးရှုံးခဲ့ရဟု အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ ကောင်းကျိုးထက် အသက်အိုးအိမ်စည်းစိမ်များကို ဆိုးရွားစွာ ထိခိုက်ဆုံးရှုံး စေနိုင်မည့် ဆိုးကျိုးများသာဖြစ်ပေါ်စေနိုင်တဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝ ရပ်တန့်ဖို့ စီမံကိန်းပြန်လည်အကောင်အထည်ဖော်မှု ချက်ချင်းရပ်တန့်ဖို့ အပါအဝင် အချက် ၅ချက်ကို ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် စီမံကိန်း ကန့်ကွက်တဲ့ ပြည်သူတွေအပေါ် အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အတုအယောင် လူထုဆန္ဒခံယူပွဲ ပြုလုပ် နေမှုများကို ချက်ချင်းရပ်တန့်ဖို့၊ ဒေသခံပြည်သူတွေနဲ့ တနိုင်ငံလုံရဲ့ အကျိုး ထိခိုက်စေမယ့် စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့၊ စစ်မက်ဖြစ်နေချိန် စီမံကိန်း ဖော်ဆောင်ရင် ပဋိပက္ခ ပိုကြီးမှာ ဖြစ်လို့ လုံး၀ဖျက်သိမ်းဖို့ အဖွဲ့အစည်း ၄၉ဖွဲ့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဘယ်အစိုးရ လက်ထက်မှာမှ ပြည်သူ့ဆန္ဒမပါတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဓမ္မဖော်ဆောင်တာ မလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

မြစ်ဆုံအနီးကျေးရွာတခုက ဒေသခံတဦးကတော့ စီမံကိန်း လုပ်ဆောင်လာရင် ကန့်ကွက်ဖို့ ဒေသခံတွေက ဆုံးဖြတ်ထားကြောင်း ပြောပြထားပါတယ်။ ဒါ့အပြင် တရုတ်တွေရဲ့ စီမံကိန်းက နိုင်ငံရေးပါတယ်လို့ မြင်ကြောင်းလည်း ၎င်းက ပြောပါတယ်။

” ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာ မတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာ တိုက်ပွဲ ပြင်းထန်တဲ့အချိန်မှာ ဒီလိုမျိုး စီမံကိန်းတွေလုပ်တယ်ဆိုတာက ဒါကကျနော်တို့မမြင်နိုင်တဲ့ နိုင်ငံရေးလျှို့ဝှက်ချက်တွေပါတယ်လို့ မြင်တာပေါ့။ တရုတ်တွေကရေအားလျှပ်စစ် မီးရရှိရေးအတွက်သာမဟုတ်ဘဲနဲ့တခြား နိုင်ငံရေးနဲ့ပတ်သက်တဲ လျှို့ဝှက်တဲ့စီမံကိန်း တွေလည်း ပါနိုင်ပါကောင်းတယ်လို့ မြင်တာပေါ့နော်။” လို့မြစ်ဆုံဒေသခံက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကမြို့နယ်လေးခုမှာနှစ်လတာအတွင်းစစ်ရေးပဋိပက္ခတွေကြောင့်အရပ်သားအနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ကမေလ ၂ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ရှမ်းနီတော်လှန်ရေးတပ်(SSIA)တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ဘုန်းကြီး ကျောင်းအနောက်ဖက်လမ်းကြားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဧပြီလ ၁၉ ရက်ညပိုင်းကတွေ့ခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China Southern Power Gridနဲ့ စစ်တပ်ရဲ့စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။