မေ-၆၊ ၂၀၂၆။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာ(ခ)ချက်ပြဲကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မေလ ၆ ရက် မနက် ၁နာရီခန့်မှာ စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ လေယာဥ်နဲ့ စခန်းသာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တံတားဦး လေတပ်ကနေ ဂျက်ဖိုက်တာ ၃စီး တပြိုင်တည်းတက်ခဲ့ကာ ဗုံးတွေကြဲခဲ့တာဖြစ်ပြီး ဒီဗုံးတွေဟာ ကျေးရွာက နေအိမ်တွေအပေါ် ဆက်တိုက်ကျခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာအနီးမှာ လမ်းသွား၊လမ်းလာခရီးသည်တွေကို ဈေးရောင်းချတဲ့ စားသောက်ဆိုင် ရှိပြီး အဲဒီလမ်းတဖက်က နေအိမ်ပေါ်ကျကာ ဦးဇော်ငြိမ်း၊ ဒေါ်ဦးနဲ့ ကိုမျိုးလှိုင်ဝင်းတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်နဲ့ ကျေးရွာအတွင်းက အိမ်တချို့လည်း ပျက်စီးမှု ရှိခဲ့ပြီး ဒဏ်ရာရသူ၂ဦး ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
“ဘာ(တိုက်ပွဲ)မှမရှိဘူး။ ဒီအတိုင်းကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာမှာ တပ်စွဲထားပြီး ဝက်လက်မြို့နယ်ကို နယ်မြေစိုးမိုးမှု ယူဖို့ကြိုးစားနေကာ မြို့နယ်အတွင်းက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။



















































