မေ-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
မင်းပြားမြို့နယ်၊ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိကင်းမွန်ချောင်းဂျိုင်နဲ့ပတ်ဝန်းကျင်ရှိကျေးရွာတွေကိုမေလ (၇) ရက်၊ နေ့ခင်းပိုင်းနဲ့ ကျောက်တော် မြို့နယ်၊သုံးခွအနီးပတ်ဝန်းကျင်ကို ညပိုင်းမှာဗုံးကြဲခဲ့တာလို့ AAကမေလ ၈ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီနေရာတွေကို “တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်”ခဲ့သလို Cluster Boomb တွေလည်း ကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ပေါင်၅၀၀တွေရော Cluster Boomb တွေပါ ရာချီကြဲတာပါ။ဒါတွေကစစ်ရာဇဝတ်မှုပါ။ လူသတ်နေတာပါ” လို့ ရခိုင်စစ်ရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။
ကျောက်တော်မြို့ကိုဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ (၁၀) ဦးခန့်ရှိခဲ့တယ်လို့ AA ကဖော်ပြပါတယ်။လူထိခိုက်သေဆုံးမှုတွေအပြင် လူနေအဆောက်အအုံတချို့ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့သေဆုံးမှု၊ဗုံးစထိမှန်မှုတို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ဧပြီလထဲမှာလည်း ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ ငပလီ၊မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိမေလထဲမှာလည်း ဆက်လက် ဗုံးကြဲနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။လေကြောင်းတိုက်ခိုက်ရာမှာဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေတစ်ပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့်ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။
အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကမေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလိုဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။


















































