မေ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းချက်ကို ဗိုလ်မှူးကြီးနော်ဘူက မေလ ၁၂ရက်ညပိုင်းမှာ ရှင်းပြ အသိပေးတာပါ။
” ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ ဟုတ်တယ် အောက်ပိုင်းကနေ တက်လာတဲ့ စစ်ကားတွေလည်း ဒီနေ့လည်း မြစ်ကြီးနားဘက်မှာ အစီး ၁၀၀ ကျော်လောက်ဝင်တယ်လို့ သတင်းတွေရှိပါတယ်။ တကယ့်လက်တွေ့ ရွှေကူတို့ ကသာတို့မှာလည်း စစ်အင်အားတွေ ထိုးထားတာ တွေ့ရတယ်။ဖားကန့်ဘက်မှာလည်း အမြဲတမ်း စစ်အင်အားတွေ ဖြည့်ထားတာ တွေ့ရပါတယ်။ ဆိုတော့ သူတို့ ကြေညာထားတဲ့ ရက်ပေါင်း ၆၀ အတောအတွင်းမှာ ကချင်ပြည်နယ်ရဲ့ မြို့နယ် ၅မြို့နယ်မှာ သူတို့ စစ်ဆင်ရေးလုပ်ဖို့ ပြောထားတဲ့အတိုင်းတက်နိုင်သလောက် သူတို့လှုပ်ရှားနေမယ်လို့ထင်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်းဖိတ်ခေါ်ထားသလို တဖက်မှာလည်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို လေကြောင်းတိုက်ခိုက်တာ၊ စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဧပြီ ၂၃ရက် စစ်အုပ်စုရဲ့အရေးပေါ် အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာချက်မှာ မြို့နယ်ပေါင်း ၆၀ ရှိပြီး ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊၊ ဆော့လော်၊ ချီဖွေစတဲ့ ကချင်ဒေသမြို့နယ် ၅ခုလည်း ပါဝင်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်စိုးမိုထားတဲ့ နယ်မြေတွေ ဖြစ်သလို စစ်အုပ်ချုပ်ရေး ကြေညာမှု မရှိတဲ့ ဒေသတွေကိုလည်း စစ်တပ်က စစ်ရေးလှုပ်ရှားတာ စစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေသလို ဒေသအချို့မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။
ကချင်ဒေသသာမက KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကိုလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ပြင်ဆင်နေလို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။ ရွှေကူမြို့နယ်မှာလည်း စစ်အင်အားထောင်ချီသုံးထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိပါတယ်။
ဖားကန့်မြို့နယ်မှာလည်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။
https://www.facebook.com/reel/940374008864790ရုပ်သံ – Lung Jung LA N


















































