မေ ၂၆၊ ၂၀၂၆ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်အတွင်း ဖိနှိပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးမှုအပေါ် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ မေလ ၂ ရက်မှာ ထောင်ကကျွေးတဲ့ ထမင်းမစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှု လုံးဝမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ခွဲခြားဆက်ဆံတာကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။

Public Service Announcement
အစာအငတ်ခံဆန္ဒပြရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကနေ နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား/သူများရဲ့ အခွင့်အရေး အပြည့်အဝ ရရှိရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လွတ်ငြိမ်းသက်သာခွင့် ပေးရာမှာ ကျန်ရှိတဲ့ ပြစ်ဒဏ်ကာလအပေါ် မူတည်ပြီး ပေးတာဖြစ်လို့ ပြစ်ဒဏ်ကာလ ကြာမြင့်စွာ ကျခံပြီးသူတွေအတွက် လျှော့ရက်နည်းပါးပြီး လတ်တလောမှ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရာဇဝတ်အမှူနဲ့ ပုဒ်မတွေကိုသာ လျှော့ရက်ပိုမို ရရှိနေတာဟာ ၎င်းတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံတာဖြစ်ပြီး လုံးဝမျှတမှု မရှိကြောင်း နိုင်ငံရေးအကျဉ်းသားတွေက
ထောက်ပြဝေဖန်ခဲ့ကြတယ်လို့ PPNM က ဆိုပါတယ်။
ဆန္ဒပြပြီးတဲ့နောက်မှာလည်း ထောင်အာဏာပိုင်တွေက လိုက်လျောမှုမလုပ်ခဲ့တဲ့အတွက် မေလ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ခန့်ဟာ ထောင်ပိုင်လေးကနေမှတဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ အကျဥ်းသားအခွင့်အရေးတွေ ရရှိဖို့တောင်းဆိုတဲ့ အချက် ၁၅ ချက်ကို ပေးပို့ထားကြောင်း PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
“တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး လိုက်လျောမှုရှိမလား ဒါမှမဟုတ် ထောင်ပိုင်လေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အဆင့်ဆင့်တင်ပြမှုတွေလုပ်မလား၊ လျစ်လျှူပဲရှုထားမလားဆိုတာကတော့ PPNMက စောင့်ကြည့်နေဆဲပဲဖြစ်ပါတယ်။”လို့ မရောင်နီလင်းက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေဟာ တစ်ထောင်လုံး သိရှိလောက်တဲ့အထိ ပြန့်နှံ့နေပြီး၊ အမျိုးသမီးဆောင်အတွင်း ဥပဒေကို အကြောင်းပြကာ ပါဆယ်ပစ္စည်း ပိတ်ပင်တာနဲ့ ဟင်းချက်ခွင့် ပိတ်ပင်တာ အပါအဝင် နည်းမျိုးစုံနဲ့ နိုင်ငံရေးအကျဉ်းသူတွေ အပေါ် ဖိနှိပ်နေမှုတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း PPNMက ဖော်ပြထားပါတယ်။
ကလေးအကျဉ်းထောင်မှာ ၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နဲ့ ဧပြီ ၁၈ ရက်ကလည်း အမျိုးသမီးဆောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အခွင့်အရေး ပိတ်ပင်တာတွေနဲ့ ဖိနှိပ်မှုတွေအပေါ် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ့်အစား ဖိနှိပ်မှုတွေနဲ့ပဲ တုံ့ပြန်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေက အခုလို အခွင့်အရေးတွေ ဆက်ပြီး တောင်းဆိုနေကြတာဖြစ်ကြောင်း PPNMက ရှင်းပြပါတယ်။
စစ်ကောင်စီဟာ တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေပေမဲ့ လက်တွေ့မှာ လူသားတိုင်း ရရှိရမယ့် တန်းတူညီမျှခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လှုပ်ရှားမှုက သက်သေပြနေတယ်လို့ PPNM က ဆိုပါတယ်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မတရားတဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဒါ့အပြင် ဆန္ဒပြတဲ့ အကျဉ်းသားတွေကို နောက်ဆက်တွဲ ဖိနှိပ်တာမျိုးတွေ မရှိစေဖို့နဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့အတွက်လည်း နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ အမြန်ဆုံး အလေးထား စောင့်ကြည့်ပေးဖို့ တောင်းဆိုထားကြောင်း PPNMက ထပ်မံအသိပေးထားပါတယ်။


















































