မေ-၁၇၊၂၀၂၆။မေရီ/People’s Spring
ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့နေအိမ် မီးကြိုးဖြတ်အခိုးခံလိုက်ရပါတယ်။
ရန်ကုန််တိုင်း၊ မှော်ဘီမြို့နယ်က ခြံကို ရောက်ရှိနေချိန် မီးကြိုးတွေ ဖြတ်တောက်အခိုးခံလိုက်ရတာဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က Tiktok က သူ့ရဲ့ Khin Hlaing ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ ဒီကနေ့မှာ အသိပေးခဲ့တာပါ။
“ကျွန်တော်တို့မနေ့က မှော်ဘီခြံထဲကို နှစ်ရက်သွားတဲ့အချိန်မှာ မနက် လေးနာရီ ဒီခြံစည်းရိုးကိုတက်၊ ဒီမီးကြိုးကိုဖြတ် ဓာတ်တိုင်ပေါ်တက်ပြီးဖြတ်သွားတာ။အိမ်ကကံကောင်း(ခွေးကိုလက်ညှိုးထိုးပြ)ဆိုတဲ့သားလေးအော်တော့ မီးကိုဖြတ်လိုက်တော့ မီးကမှောင်သွားပြီ။လူမမြင်လိုက်ရဘူး။”လို့ခင်လှိုင်က ဆိုပါတယ်။

Public Service Announcement
သရုပ်ဆောင်ခင်လှိုင်ဟာ ယခင်ကလည်း သူ့ကားနောက်ကြည့်မှန်တွေ အခိုးခံရဖူးတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်ခင်လှိုင်က ဝါရင့်သရုပ်ဆောင် ဦးအောင်လွင် ရွတ်ပြခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကိုလည်း ရုပ်သံမှာ ရွတ်ပြခဲ့ပါတယ်။
“လယ်တရိုး ကြွက်ထိုးတဲ့ တို့အဖေ၊ စားတော့ တို့တတွေ ခံတော့တို့အဖေတဲ့။ အဲဒီကဗျာလေးက သိပ်အဓိပ္ပါယ်ရှိတယ်။ ကြွက်ထိုးတယ်ဆိုတာ ကြွက်သတ်ပြီးတော့ မိသားစုကို ရှာကျွေးတာ။ ရောင်းစားတာ။ သူကကြွက်တွေသတ်တယ်။ အသက်ပေါင်းများစွာ သတ်ပြီးတော့မှ ရောင်းတယ်။ မိသားစုကို ရှာကျွေးတယ်။ စားတော့ မိသားစုတွေက စားကြတယ်။ ငရဲအဝီစိကျပြီး ခံစားရတဲ့အချိန်ကျရင် ဒီပုဂ္ဂိုလ်က ခံစားရမှာ။”လို့ ခင်လှိုင်ကဆိုပါတယ်။
ဒါ့ကြောင့် မီးကြိုးခိုးတဲ့သူခိုးအနေနဲ့ အသက်အန္တရာယ်များတဲ့အလုပ်ဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ဖို့ သရုပ်ဆောင်ခင်လှိုင်က အကြံပြုပါတယ်။
“ခေတ်နဲ့စနစ်ကလည်း ရိုးသားတဲ့အလုပ်က ရတဲ့ပိုက်ဆံနဲ့ဘယ်လိုမှ မလောက်ငတဲ့ ခေတ်ပျက်ကြီးဖြစ်လို့နေပါပြီ ဦးလှိုင်ရေ။ စိတ်မကောင်းလွန်းလို့ ခံရတဲ့ဖက်ကော ကျူးလွန်တဲ့ဖက်ကိုကော ပြောစရာစကားမရှိတော့လောက်အောင်ပါပဲဗျ”လို့ သရုပ်ဆာင်ခင်လှိုင်ရဲ့ Post အောက်မှာ Tiktok သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးကြိုးဖြုတ်ခိုးခံယူရမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အိမ်ရှင်တွေဟာ ငွေကျပ်သိန်းချီ အကုန်အကျခံကာ ပြန်လည်တပ်ဆင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ခင်လှိုင်ဟာ စစ်တပ်အာဏာသိမ်းစက ဆန္ဒပြပွဲအချို့မှာပါခဲ့ပေမယ့် နောက်ပိုင်းမှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် သမီးရဲ့ 7 lth Sense နဲ့စာချုပ်ချုပ်ထားတဲ့ မြင့်မြတ် တို့နဲ့အတူ အနုပညာလုပ်ငန်းတွေပုံမှန်လုပ်ကိုင်နေသူဖြစ်ပါတယ်။


















































