မေ-၂၀၊ ၂၀၂၆။ People’s Spring
စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၀ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတခန့်အပ်ပြီးနောက်ပိုင်း ကာလရှည်ကြာအေးခဲနေတဲ့ သံတမန်တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်လာခဲ့ပြီး မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးပြန်လည်စတင်ဖို့ တိုးတက်မှု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ မေလ ၁၉ရက် မနေ့က နေပြည်တော်ကို တစ်ရက်ကြာ အလုပ်သဘောခရီးသွားရောက်ခဲ့ပြီး စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement
စစ်တပ်လက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ-မလေးရှား နှစ်နိုင်ငံအဆင့်နဲ့ အာဆီယံအဆင့်မှာပါ ဆက်ဆံရေးတိုးမြှင့်ကြရေးနဲ့ပတ်သက်လို့ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။နှစ်နိုင်ငံ ဘုံအကျိုးစီးပွား နယ်ပယ်တွေမှာလည်း လက်ရှိပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကြဖို့ကိစ္စရပ်တွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးရဲ့ခရီးစဥ်ဟာမေလ ၈ရက်က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမှာ ကျင်းပပြီးစီးခဲ့တဲ့ ၄၈ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအပြီး ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီထိပ်သီးညီလာခံမှာတော့ မြန်မာရဲ့ စစ်တပ်အစိုးရသစ်ကို အသိအမှတ်ပြုရေးအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက်ရဖို့ ခက်ခဲနေခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းချိန်ကစလို့အာဆီယံဟာနေပြည်တော်ရှိစစ်တပ်ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုခဲ့ဘဲ သံတမန်ဆက်ဆံရေးကို စည်းခြားထားခဲ့ပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့ မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်အသက်ဝင်လာခြင်းဟာ အာဆီယံဒေသတွင်း သံတမန်ဆက်ဆံရေးကို ပြောင်းလဲစေနိုင်ပြီးကာလရှည်နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံတကာစောင့်ကြည့်စိစစ်မှု ခံနေတဲ့ မြန်မာနိုင်ငံကို အာဆီယံအသိုင်းအဝိုင်းထဲ ပြန်ရောက်လာစေဖို့ လမ်းစဖော်ပေးတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“စီဘူးမှာမြန်မာ့ရွေးကောက်ပွဲအလွန်ကာလနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးရှိခဲ့ကြတော့ အာဆီယံအနေနဲ့ ဒီကွဲပြားမှုတွေကို ပေါင်းကူးပေးရပါမယ်။ မိုဟာမက်ရဲ့ခရီးစဥ်က မလေးရှားအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ပြီဆိုတာ ပြသလိုက်တာပါပဲ။ ဒါက ကောင်းမွန်တဲ့ခြေလှမ်းတစ်ခုပါ။တချို့နိုင်ငံတွေတော့ အသိအမှတ်မပြုကြသေးပါဘူး။ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုအသစ် ပြန်လည်စတင်ဖို့ အချိန်ရောက်နေပါပြီ”လို့ ဘန်ကောက်အခြေစိုက် ပထဝီနိုင်ငံရေးအကဲခတ် Kavi Chongkittavorn က Bernama သတင်းဌာနကို ပြောပါတယ်။အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အလွတ်သဘောဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာအောင် လမ်းခင်းပေးသင့်တယ်လို့လည်း Kavi ကဆိုပါတယ်။ ထိုင်းသတင်းစာဆရာလည်းဖြစ်တဲ့ Kavi က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ပတ်သက်ရင် အပြုသဘောမှတ်ချက်တွေပေးလေ့ရှိသူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခအတွင်း လူပေါင်း ၅,၀၀၀ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ ၃ ဒသမ ၃ သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်တပ်လက်အောက်ခံလက်နက်ကိုင်တွေက အကြမ်းဖက်သတ်ဖြတ်လို့ နိုင်ငံတစ်ဝန်းသေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၈၀၀၀ ကျော်နေပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့အချက်အလက်တွေကဖော်ပြပါတယ်။
စစ်တပ်ရဲ့ မီဒီယာတွေကသတင်းထုတ်ပြန်တာမှာ နှစ်နိုင်ငံဝန်ကြီးတွေဟာ နှစ်နိုင်ငံဆက်ဆံရေး နဲ့အာဆီယံဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။
ကိုးကား-Bernama
















































