Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးတာဟာစစ်ရာဇဝတ်မှုဖြစ်ပြီး BRIရှုတ်ချ

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ဓါတ်ပုံ-​ဒေသခံ

​မေ-၂၂၊၂၀၂၆။People’s Spring

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စစ်သားတွေက​မေလ ၁၃ ရက်မှာ ဒီးမော့ဆို မြို့နယ် ၊ဒေါငံခါးဘုရား ကျောင်းကို မီးရှို့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး BRIက အထူးတလည် မီးမောင်းထိုးပြထားပါတယ်။

မေလ ၁၃ ရက်နေ့၊ မနက် ၈ နာရီ ဝန်းကျင်မှာ အမှတ် ၁၀၂ နဲ့ ၄၂၇ ခြေလျင်တပ်ရင်းတွေရဲ့ စစ်သားတွေဟာ ဒီးမော့ဆို မြို့နယ်ရဲ့ ဒေါငံခါး ရွာမှာရှိတဲ့ ငြိမ်းချမ်းခြင်း သခင်မခရစ်ယာန် ဘုရားကျောင်းဝင်းထဲက သီလရှင် အဆောင်တွေနဲ့ ပျဉ်ထောင် ဂိုဒေါင်တစ်ခုကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ သတင်းကို People’s Spring သတင်းဌာနကဖော်ပြခဲ့သလို BRIက သီးခြားဆက်သွယ် မေးမြန်းခဲ့တဲ့ မြေပြင် သတင်းရင်းမြစ်တွေကလည်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။

အခုလိုတိုက်ခိုက်မှုမျိုးဟာဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား ဖျက်ဆီးတဲ့ စစ်တပ်ရဲ့ အသုံးပြုနေကျ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ BRIက ပြောပါတယ်။ ဒေါငံခါးရွာထဲက ဘုရားကျောင်းမီးရှို့မှုဟာသီးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ ဘာသာရေး ဖိနှိပ်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စစ်တပ်ဗျူဟာရဲ့အစိတ်အပိုင်း တစ်ခုလို့ BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဇိုတန်မှုံက ဆိုပါတယ်။

ခရစ်ယာန် ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ၊ အကြိမ်ကြိမ် ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းလည်း BRI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မတ်လတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို ဆီ လိပ်မူပြီး BRIနဲ့ ခရစ်ယာန် အဖွဲ့အစည်း တချို့က ပူးတွဲ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာတော့ ခရစ်ယာန် အသိုက်အဝန်းအပေါ် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ဖို့ တိုက်တွန်းခဲ့သလို အမေရိကန် အစိုးရက အမြန်ဆုံးတုံ့ပြန် လုပ်ဆောင်သင့်တဲ့ ခြေလှမ်းတွေကိုလည်း အကြံပြုထားခဲ့ပါတယ်။

BRIဟာ အမေရိကန် နိုင်ငံရဲ့ မေရီလန်းပြည်နယ် အခြေစိုက် အကျိုးအမြတ် မတွက်တဲ့ ဖောင်ဒေးရှင်း တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံရဲ့ကိုးကွယ်ယုံကြည်မှုနဲ့လူ့အခွင့်အရေးဆိုင်ရာအရေးကိစ္စတွေကို သုတေသနပြုတာ၊အားပေးလှုပ်ရှားတာတွေ ဆောင်ရွက်နေပါတယ်။

ဒီးမော့ဆိုမြို့ အထက်ပိုင်း ငွေတောင်ဆည်အနီးမှာရှိတဲ့ ဒေါငံခါးရွာမှာ ငြိမ်းချမ်းခြင်းသခင်မ ဘုရားကျောင်းကို ၁၉၆၁ ခုနှစ်က စတင်တည်ဆောက်ခဲ့တာလို့ ဒေသခံတချို့က ဆိုပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်ပြီးအဓိဋ္ဌာန်ပြုတာ နဲ့ ဘာသာရေးသင်တန်းတွေ ပို့ချခဲ့တဲ့ ရှေးဟောင်း သမိုင်းနေရာတစ််ခု ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်က ဘုရားကျောင်းတော် တည်ထောင်တဲ့ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီပြည်နယ်ထဲက သက်တမ်းနှစ်ချီကြာရှိတဲ့ ဒေါငံခါးရွာက မယ်တော်သခင်မ ဘုရားကျောင်း၊ မိုးဗြဲက ဘုရားကျောင်း နဲ့ ဒေါညင်းခူက ဘုရားကျောင်းတို့ကိုလည်း အာဏာသိမ်းစစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် ဧပြီလ အထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသက ဘာသာရေးအဆောက်အအုံ ၆၀ နီးပါးကို စစ်ကောင်စီက ဖျက်ဆီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အသိပေးပါတယ်။

ကိုးကား- BRI

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။