Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အင်အား ၁၀၀၀ကျော်နဲ့ စစ်ဆိုင်ထားပြီး ထိတွေ့တိုက်ပွဲ ၁၀ရက်ခန့်ရှိဟု ချင်းတပ် CPU/CPA ခေါင်းဆောင်ပြော

တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့်သဘောရှိဟု အသိပေး

(ဖလမ်းမြို့သိမ်းတိုက်ပွဲအောင်ပွဲရ ချင်းညီနောင်(CB)အဖွဲ့၀င် CDF-Mindat နှင့် CDF Kanpetlet ရဲဘော်များ။ဓာတ်ပုံ - Chin Defence Force - Mindat)

မေ ၂၅။၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ကျော်နဲ့ စစ်ဆိုင်ထားရသလို အင်အားတွေ ထပ်ဖြည့်တင်းဖို့ ပြင်ဆင်နေလို့ တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့် အခြေအနေရှိကြောင်း ချင်းပြည်တောင်ပိုင်း တပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်တပ်က မေလအတွင်းမှာ ချင်း-မကွေးအစပ်ဒေသတွေကို အင်အားအလုံးအရင်းဖြည့်တင်း ထိုးစစ်ဆင်လာလို့ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး CPU/CPAက စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အသိပေးခြင်းဖြစ်သကဲ့သို့ စစ်ဆင်ရေးလိုအပ်ချက်တွေ အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်။

“လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာမှာ စကမ အင်အား ၁၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ (၁၀) ရက်ဝန်းကျင် ရှိနေပါပြီ။CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်။လက်ရှိမှာ အကြမ်းဖက် စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်” လို့ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအတွက် အလှူခံလိုတဲ့ အချက် ၂ချက်ရှိပြီး ဒါတွေကတော့ ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့နဲ့ ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ဖြစ်ကြောင်း အသိပေးပါတယ်။

လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အလိုအပ်ဆုံးအရာတွေဘာလဲဆိုတာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းစုံစမ်းထားကြောင်းလည်း ပြောပါတယ်။

“အလှူငွေလက်ခံတာတော့ NUG Pay, SDB တို့နဲ့ အဓိက လက်ခံပါမယ်။ လုံခြုံအောင်လို့ပါ။ CB ကနေတဆင့် ဆက်သွယ်ပေးပါ။လက်ရှိစစ်ဆင်ရေးကုန်ကျစရိတ် ပဏာမလျာထားချက်က သိန်းသောင်းနဲ့ချီ ရှိပါတယ်။ကိုယ်အလှူခံတာကနေ သိန်းဆယ်ချီ၊ ရာချီလောက်ရတယ်ဆိုရင်ပဲ လိုအပ်တဲ့နေရာတွေ တတ်နိုင်သလောက် ဖြည့်စွက်သွားချင်လို့ အလှူခံရခြင်း ဖြစ်ပါတယ်။အလှူလက်ခံရရှိမှုနဲ့ ရှေ့တန်းကို ပံ့ပိုးတဲ့ပစ္စည်းတွေကို ပြန်လည်တင်ပြသွားပါမယ်။” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။

ပံ့ပိုးမဲ့ပစ္စည်းတွေက စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက လက်ရှိ အလိုအပ်ဆုံးလို့ ပြောတဲ့အရာတွေ ဖြစ်ပြီး ကျည်ကာတို့၊ Equipment တို့ ဖြစ်ချင်မှ ဖြစ်မယ်လို့လည်း အသိပေးထားပါတယ်။

ဂုဏ်ပြုမှတ်တမ်းနဲ့ လက်ခံရရှိတဲ့ အလှူငွေတွေကိုတော့ အဖွဲ့အစည်းကိုပဲ အပ်မှာဖြစ်ပြီး အဖွဲ့အစည်းကပဲ ငွေကြေးကို စီမံခန့်ခွဲမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်းရုန်းကန်ကြရင် ဒီ စကမ စစ်ကြောင်းကို အကောင်းဆုံး တုံ့ပြန်ရင်ဆိုင်နိုင်မယ်လို့ သေချာယုံကြည်ပါတယ်” လို့ ရေးသားကာ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ချင်းတပ် CPU/CPAထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေသလို မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ စတဲ့ ချင်းတောင်ပိုင်းမြို့တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မေလ ဒုတိယပတ်မှ အခုအချိန်ထိ ချင်းတောင်ပိုင်း မြို့ ၃ခုကို စစ်တပ်က လေကြောင်းဗုံးကြဲမှု အကြိမ် ၄၀ကျော်ရှိပြီး ကလေးငယ် အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။