Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၊ရွှေမင်းဂံရေတပ်စခန်းအနီးတိုက်ပွဲဖြစ်၊ စစ်တွေမြို့ဖောင်တော်ကြီးအနီးရှိ စစ်သေင်္ဘာတစ်စီးကိုAAလက်နက်ကြီးနဲ့ပစ်လို့ထိမှန်

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကိုအာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရှေ့တန်းတစ်​နေရာမှာတိုက်ပွဲဝင်​နေတဲ့ အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်တဦး။ဓါတ်ပုံ-AA Infodesk

မေ-၂၇၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကိုအာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေမင်းဂံရေတပ်စခန်း နဲ့ကပ်ရပ် ရွှေမင်းဂံရွာရှိ အာဏာသိမ်းစစ်တပ်တပ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ရေတပ် စခန်းဝင်းထဲကိုလည်း အဝေးပစ်လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

“ရွှေမင်းဂံရွာထဲကစခန်းကိုတိုက်နေတာ။လက်နက်ကြီးနဲ့လည်း AA ကနေ့တိုင်းပစ်တယ်။ညကလည်း အလုံးတဆယ်လောက်ကြားလိုက်တယ်။ ရေတပ်ဝင်းထဲက အဆောင်ကို ထိသွားတယ်ကြားတယ်။ အထဲမှာ အထိအခိုက် လည်း များတယ်တဲ့”လို့စစ်တွေဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ) နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်ရွာမှာရှိတဲ့ စစ်တပ် တပ်ရင်းတွေကိုလည်း အဝေးပစ်လက်နက်ကြီးနဲ့ တပြိုင်နက်တိုက်ခိုက်နေပြီး ကျားမသောက်တပ်ရင်း အနီးတောကန်ရွာနားမှာတော့မြေပြင်တိုက်ပွဲရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ကိုယ့်လူတွေက ပတ်ပတ်လည်ကနေပြီးတော့ လက်နက်ကြီးနဲ့ရော၊ဒရုန်းနဲ့ပါ တိုက်ခိုက်နေတာ။ အခုရက်တွေမှာ ကိုယ့်ဘက်က အလုပ်ပိုလုပ်နေတယ် စစ်တွေမှာ။ ပွဲဖြစ်တာတွေ များတယ်” လို့ AA နဲ့ နီးစပ်တဲ့အခြားစစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် AA ဟာ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်၀မှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်သင်္ဘောတွေကိုလည်းဟောက်ဝစ်ဇာတွေနဲ့ လှမ်းပစ်နေပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က စစ် တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“ဖော်တော်ကြီးနားမှာ ရပ်ထားတဲ့ နေဗီကို ပစ်လိုက်တာ သင်္ဘောဖင်ပိုင်း၊ အမြီးပိုင်းထိသွားတယ်။ ထိပြီး ထွက်ပြေး သွားတယ်။ စစ်တွေမြို့ကလူတွေ တွေ့လိုက်ကြတယ် သင်္ဘောထွက်ပြေးသွားတာကို။ သင်္ဘောအများကြီး ထိတာ တော့ မဟုတ်ဘူး။ ဒါပေမယ့် ထိတော့ ထိသွားတယ်”လို့စစ်တွေမြို့ မိဇံရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလိုတိုက်ပွဲတွေဖြစ်နေချိန် စစ်တွေမြို့ထဲမှာလည်း ည ၉ နာရီကနေ မနက်၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ခြံစည်းရိုးကာထား တဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။

“တမြို့လုံးအနှံ့ညတိုင်းကင်းလှည့်တယ်။၉ နာရီနောက်ပိုင်းတွေ့ရင် ပစ်မိန့်တခါတည်းထုတ်ထားတာ။ အဖမ်းခံရ တာတွေလည်း မနည်းတော့ဘူး အခုနောက်ပိုင်း လူတွေတော်တော်များများ အဖမ်းခံရတယ် စစ်တွေမှာ”လို့စစ်တွေမြို့၊မင်းဂံရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီးကာကင်းစခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာကင်းစခန်းအချို့ကိုသိမ်းပိုက်ထားပါတယ်။

စစ်တွေမြို့နယ်ရဲ့အစပ်ပုဏ္ဏားကျွန်း၊ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို အလုံးစုံထိန်းချုပ်ထားတဲ့ AA ဟာစစ်တွေကို ဝန်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီးမြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမယ့် အဝေးပစ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။

စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

Facebook