မေ ၂၈၊ ၂၀၂၆ ။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရိုဟင်ဂျာ ၁၃ ဦး၊ ရခိုင်လူငယ် ၃ ဦးတို့ပါဝင်ပြီး ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကနေ မေလ ၂၇ ရက်ထိ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“မနေ့က မင်းဂံမှာ သားဖနှစ်ယောက်အဖမ်းခံရတယ်။ ဘေးတွဲမောင်းစားနေတဲ့ မိသားစုတွေ။ အဲဒါ အိမ်ကို ဝင်ဖမ်း တာ။ အခုနောက်ပိုင်းအဖမ်းအဆီးတွေ အရမ်းများလာတယ်။ ညဆိုရင် လဗွီ(ALP)နဲ့ စစ်တပ်ကကောင်တွေ ကားနဲ့ တမြို့လုံးပတ်ပြီး ဧည့်စာရင်းစစ်တယ်၊ ဖမ်းတယ်လုပ်နေတာ” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
မနေ့က မေလ ၂၇ ရက် ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ အသက် (၆၀)ဝန်းကျင်အရွယ်ဖခင်ဖြစ်သူနဲ့ အသက် (၂၀)ဝန်းကျင်အရွယ်သားဖြစ်သူတို့ဖြစ်ပြီး နာမည်တွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နဲ့ ၂၄ ရက်တို့ကလည်း စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ သက်ကယ်ပြင် ရို ဟင်ဂျာဒုက္ခသည်စခန်းတို့မှာနေထိုင်တဲ့ ရိုဟင်ဂျာ ၄ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်တပ်ဟာ အင်အားအများအပြားနဲ့ ဒုက္ခသည်စခန်းနေအိမ်ထဲထိ အင်အားသုံးဝင်ရောက်ပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီး သွားခဲ့တာပါ။
“မူဆလင်တွေကို အငြိုးထားတယ်။ မတရားဝင်ဖမ်းတယ်။ အရင်တုန်းကလည်းက အဖမ်းခံရတဲ့သူတွေ အခုထိ ပြန်မလွှတ်။ တခါတည်း စစ်တပ်ကို ပို့ထားတယ်။ တရားရုံးလည်း မတင်ဘူး။ လူငယ်ပိုင်းတွေဆိုရင် စစ်မှုထမ်းပို့ တယ်” လို့ စစ်တွေမြို့ သက်ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အတွင်းမှာလည်း စစ်တွေမြို့နယ် ဒါးပိုင်၊ အုန်းတောကြီးရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် ၉ဦးကိုလည်း ဖမ်းဆီးသွားကာ အခုထိ ပြန်မလွှတ် သေးပါဘူး။
အလားတူပဲ မေလ ၂၁ ရက်ကလည်း စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က ရခိုင်လူငယ် ၁ဦးဖြစ်တဲ့ ကိုချစ်လှိုင်ဆို သူကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃နှောင်းပိုင်းကတည်းက စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာမှ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ရာချီကို ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ဆက် တိုက်လုပ်လာခဲ့တာဖြစ်ပြီး အချို့ကို တရားရုံးတင်အမှုဖွင့်ပေမယ့် အချို့ကိုတော့ စစ်သင်တန်းပေး၊ ရှေ့တန်းပို့တာ တွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာတွေအများစုပါဝင်ပြီး ရခိုင်ဒေသတိုက်ပွဲစဖြစ်ချိန်ကနေအခုထိ စစ်တွေမြို့နယ် အတွင်းမှ အသက်မပြည့်သေးသူတွေအပါအဝင် ဖမ်းဆီး၊ စစ်မှုထမ်းပို့ခံရတဲ့ ရိုဟင်ဂျာတရာကျော်ရှိပြီလို့ စစ်တွေ မြို့ ဘုမေရပ်ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ် ၁ဦးက သူသိထားတဲ့အချက်အလက်တွေကို ပြောပြပါတယ်။
“ဖမ်းရင်လည်း ဘာကြောင့်ဖမ်းတယ်ဆိုတာ ပြောပြရမယ်။ ဥပဒေမဲ့လုပ်လို့မရဘူး။ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူ တွေကိုဆိုရင် စစ်တပ်က အခွင့်အရေးတွေပေးထားတယ်။ သူတို့နဲ့ မပေါင်းတဲ့သူတွေကို ဖမ်းတယ်။ ငါးဖမ်းခွင့်တွေ တောင် မပေးဘူး။ ငတ်နေကြတာ စစ်တွေက ရိုဟင်ဂျာတွေက” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ကျားမသောက်တပ်ရင်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တွေမြို့ပေါ်မှာလည်း ညမထွက်ရအမိန့်ထုတ်ထားကာ စစ်ကားတွေနဲ့ ညစဉ်ညတိုင်း ကင်းလှည့်၊ စစ်ဆေး၊ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ခြံစည်းရိုးကာရံထားတဲ့ စစ်တွေမြို့ ကမ်းနားလမ်းမှာလည်း ဘန်ကာတွေ ဆောက်နေပြီး မြို့ပတ်လည် မြစ်၊ ချောင်းကမ်းစပ်တွေမှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပါတယ်။ အာဏာ သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ သိမ်းပိုက်ခံရပြီးနောက် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ ဦးကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရွာသားတရာကျော်ကို အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ စစ်တွေမြို့အနီးပတ်လည်က ကျေးရွာပေါင်း ၂၀ဝန်းကျင်ကိုလည်း ဖျက်ဆီး၊ လူတွေ နှင်ထုတ်ပြီးနောက် စစ်စခန်းလုပ်ထားပါတယ်။

















































