ဇွန်-၁၊၂၀၂၆။ထားမြတ်/People’s Spring
တအာင်းတပ်မတော်(PSLF/TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မနေ့ကယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး ပြည်သူ ၅၅ဦး သေဆုံးကာ ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ(TLC) ကထုတ်ပြန်လိုက်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ TNLA ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။
မေ ၃၁ ရက်ပေါက်ကွဲမှုကြောင့်ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရတဲ့ အပေါ် ကျန်ရစ်သူမိသားစုဝင်တွေ ပြည်သူတွေနဲ့ထပ်တူအထူးပင်ဝမ်းနည်းကြေကွဲရတယ်လို့လည်း တအာင်းပြည်ကောင်စီက ဇွန် ၁ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်များအနေဖြင့်ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီးဤဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန် နှင့် တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် နှင့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်” လို့ တအာင်းပြည်ကောင်စီက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင်နေရာဒေသအသီးသီးရှိပြည်သူများအနေဖြင့်လည်း ကောင်းတပ်ရွာ ပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့ရဲ့ကျန်ရစ်သူ မိသားစုဝင်များ၊ထိခိုက်ဒဏ်ရာရသူများနဲ့ နေအိမ်အဆောက်အအုံများပြန်လည်တည်ဆောက်ဖို့ တတ်စွမ်းသမျှဝိုင်းဝန်းကူညီပံ့ပိုးဖေးမ ကြဖို့လည်း တိုက်တွန်းထားပါတယ်။
TNLA ကလည်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မေ ၃၁ ရက်ညနေပိုင်းက ထုတ်ပြန်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ အသိပေးထားပါတယ်။
PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုဖို့သိုလှောင်ထားတဲ့ပစ္စည်းတွေလို့ဖော်ပြထားပြီး ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းများအား အသေးစိပ်စုံစမ်းစစ်ဆေးလျက်ရှိကာတာဝန်ရှိသူများအားဥပဒေနဲ့ အညီ အရေးယူမယ်လို့ ဆိုပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ ပေါက်ကွဲတဲ့နေရာဟာ တရုတ်လုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံလို့ ပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအနီးမှာ ပေါက်ကွဲစေတက်တဲ့ ယမ်းသိုလှောင်ရုံ ဒါမှမဟုတ်စက်ရုံအလုပ်ရုံတွေ ရှိနေတဲ့အပေါ် ပြည်သူအချို့ကဝေဖန်နေကြပါတယ် ။
ဒါ့အပြင်အခုပေါက်ကွဲမှုဟာမတော်တဆဖြစ်တာလား ၊ ပြင်ပ ပယောဂတစ်ခုခုကြောင့်လားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေသခံ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့၊ယောင်းပန်းရွာကျေးရွာမှာရှိတဲ့တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး လူ ၁၇၀ထက်မနည်းသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။






















































