ဇွန်- ၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၃ ရက်မနက်ပိုင်းက မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တက်လာတဲ့ ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီးဟာ ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပြည်သူတွေကတော့ အခြားရှောင်နေတော့ မထိခိုက်ကြပါဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပျက်စီးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
စစ်တပ်စစ်ကြောင်းဟာ မြို့ပေါ်ပြန်တက်သွားတယ်လို့ သတင်းထွက်နေပေမဲ့ စိတ်မချရသေးတာကြောင့် ပြည်သူတွေ ရှောင်တိမ်းနေရဆဲဖြစ်ပြီး မြို့ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းကြောင့် ရွာတော်လေး၊ မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စတဲ့ကျေးရွာတွေက ဒေသခံ ပြည်သူတွေ တိမ်းရှောင်နေရပြီး စစ်တပ်လက်နက်ကြီးကြောင့် ပေါက်ပင်၊ညောင်ပင်တဲ၊ ရှမ်းထူး စတဲ့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ကား ၈ စီးနဲ့ သယ်ထုတ်သွားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
“မြို့ရဲ့ အနောက်တောင်ဘက် ဦးတည်ပစ်ခပ်နေတာ။ ကျီကုန်းရွာ၊ မသဲကြိုးရွာတို့ကတော့ မပြေးကြရပေမယ့်လက်နက်အသံ နားစွန့်နေကြရတာ ကျီကုန်းရွာဘက်လည်း မကြာခဏပစ်ခတ်နေတာ”လို့ ချောင်းဦးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ရေးအခြေအနေအရ ခင်မွန်-ကျီကုန်းလမ်း ၊ ချောင်းဦး-မယ်သဲကြိုးလမ်းပိုင်းကို ည ၇ နာရီနဲ့ မနက် ၇ နာရီကြား အသုံးမပြုရန်၊ ချောင်းဦး-ပခုက္ကူလမ်းမကြီးနဲ့ ဆင်မြေ-ကျောက်ဆစ်ကန်လမ်းအား လုံးဝအသုံးမပြုကြရန် ချောင်းဦးပကဖက သတိပေးထားပါတယ်။
ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ပြည်သူ ၄၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။


















































