ဇွန်-၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။
ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၄လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။
အလားတူ ဇွန်လ ၄ ရက် မနက်ပိုင်းကလည်း စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ရွာကို ဝင်ရောက်မီးရှို့လို့ နေအိမ် ၄၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

Public Service Announcement
“ဝက်ပုတ်ရွာက အစက ပျူစောထီးကျေးရွာ။ ၂၀၂၄၊ ၈ လပိုင်း ၈ ရက်နေ့တုန်းက အညာမြေတပ်ပေါင်းစုအပါအဝင် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရာကနေ ပြည်သူ့ရွာဖြစ်သွားတာ။ အခုတော့ စက်မှုကနေ စစ်ကြောင်းတွေရောက်လာတဲ့အခါမျိုးဆိုရင် ဝက်ပုတ်ရွာကို ဝင်လုပ်တာမျိုးတွေ ကြုံရတာ”လို့ အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ မေလ ၂၃ ရက်က ရဟတ်ယာဥ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး ၂ပတ်နီးပါးကာလအတွင်း ပြည်သူ ၂ဦးထက်မနည်း သတ်ဖြတ်ကာ ကျေးရွာ ၂ရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မတည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ မြိုင်နယ်၊လင်းကတောရဲစခန်းက စစ်တပ်စစ်ကြောင်းကလည်း အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေပြီး ဒေသတွင်း PDF စခန်း ၁ခု စီးနင်းခံရကာ ရဲဘော် ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။
အဆိုပါ စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ လေကြောင်း၊မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး ဂရုပြုဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။



















































