ဇွန်-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)မသိမ်းရသေးတဲ့မြို့တွေဖြစ်တဲ့ မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိရာကျောက်ဖြူမြို့နယ် တို့အတွင်းမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်အထိနာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
တိုက်ပွဲတွေမှာ စစ်တပ်ကအထိနာပြီးတော့လူနေကျေးရွာတွေဆီ လေကြာင်း၊လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်ခတ်နေပါတယ်။
စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

Public Service Announcement


“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ ဒကစကိုလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်တဦးက ပြောပါတယ်။
ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ ရွှေမင်းဂံရွာစစ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ဒကစအနီးပတ်လည် ရှိ တောကန်၊ ကျားမသောက်၊ ကံ့ကော်ကျွန်းကျေးရွာတဝိုက်တို့မှာလည်း AA က မြေပြင်ထိုးစစ်လုပ်နေတာပါ။ ဒါ့အပြင် အဝေးပစ်လက်နက်ကြီးတွေနဲ့ စစ်တွေအခြေစိုက် အာဏာသိမ်းစစ်တပ် ဒကစဌာနချုပ်၊ တပ်ရင်းတွေကိုပစ် ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ဓည၀တီရေတပ်ဌာနချုပ်ပြီးရင်ဒုတိယအကြီးဆုံးဖြစ်တဲ့ တောင်မော် ဦးရေတပ်စခန်းရဲ့ တခုတည်းသာ ကျန်တော့တဲ့ နောက်ဆုံးကာကင်း အ၀တောင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်ဘက်ကအထိအခိုက်၊အကျအဆုံးများနေတယ်လို့ ဆိုပါတယ်။
AAဟာလက်ရှိမှာ တောင်မော်ဦးရေတပ်စခန်းဝင်းထဲကို ဟောင်ဝစ်ဇာ(လက်နက်ကြီး)တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီးအ၀တောင်စခန်းကိုလည်းအပြီးပြတ်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာပါ။
“အ၀တောင်မှာလည်း သိပ်မကျန်တော့ဘူး။ အရင်ကရာဂဏန်းရှိတာ၊အခုအဲဒီလောက်မကျန်တော့ဘူး။သူတို့စစ်ကူပို့တယ်၊သေတယ်ဆိုတော့စစ်ကူလည်းထပ်မပို့တော့ဘူး။လေကြောင်းကနေပဲတောက်လျှောက်ကြဲနေတယ်”လို့ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဲဒီလိုမြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်တပ်ဟာကျောက်ဖြူမြို့နယ်အတွင်းရှိအရပ်ဘက်လူနေကျေးရွာတွေ ကို ဂျက်ဖိုက်တာ၊ တိုက်ရိုက်ရေးဒရုန်း၊ဆူဆိုက်ဒရုန်းအပါအဝင် စစ်ရေယာဉ်တို့ကနေဗုံးကြဲ၊ပစ်ခတ်နေပါတယ်။
ဇွန်လ၆ ရက်ညကလည်း ကျောက်ဖြူမြို့နယ် ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုးကျေးရွာတွေကို စစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၅ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်နဲ့ ထိစပ်နေတဲ့ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကိုဗုံးကြဲခဲ့ရာစစ်ဘေးရှောင်လူငယ်တဦးသေဆုံးခဲ့ပါတယ်။ဇွန်လ၄ ရက်နဲ့ ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် စပါးတုံရွာနဲ့ ကြောင်ချတွင်းရွာတို့ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့ကိုသာ သိမ်း ပိုက်ဖို့ကျန်တော့ကာ အဲဒီမြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီး ပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။
လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါအဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါအဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။


















































