ဇွန် -၁၀၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။
သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ ကျော် နဲ့စစ်ကြောင်း သုံးခုခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
“ရခိုင်ရိုးပေါ်ကို တက်နေတဲ့ စစ်ကြောင်းကတော့ ရှေ့မှာတိုက်ပွဲတွေ လကုန်ရက်နဲ့ လကုန်ပြီ တရက်နှစ်ရက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်းမှာတော့ ဆက်ပြီး တိုက်ပွဲ ဖြစ်တာမရှိပါဘူး။ငြိမ်နေတယ်သူတို့လည်းနောက်ကို ဆုတ်သွားတယ်။အဲဒီလို အနေအထားမျိုးပါ။ရိုးအခြေမှာပဲ ပြန်တပ်စွဲနေတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်ရဲ့နောက်ထပ်စစ်ကြောင်းနှစ်ခုမှာ ဖြူကန်ကျေးရွာနဲ့ ကျွဲဒွန်ကျေးရွာမှာရှိနေပြီး တပ်စွဲထားတယ်လို့ သူက ပြောပါတယ်။
“မင်းတုန်းမြို့မြောက်ဘက်ခြမ်းကိုလည်း စစ်တပ်စစ် ကြောင်းတွေ ခွဲရောက်နေတာရှိတယ်။တိုက်ပွဲလည်းဖြစ်တယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။
အဲဒီနောက် ရခိုင်ရိုးခြေအနီးက ပြောင်းကျေးရွာကို တပ်စွဲပြီး အနီးပတ်၀န်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာအပြင် ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မေလ နောက်ဆုံးပတ်နဲ့ အခုဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။
မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ပြီး ရခိုင်ရိုးမ တောင်ခြေအထိ စစ်တပ်က တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင် ကုတ်မြို့နဲ့ထိစပ်ပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။


















































