စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၁၈ ရက်နေ့တုန်းက ယူကရိန်းဟာ စစ်ဆင်ရေးကြီး တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် မော်စကို မြို့တော်ဆီကို ဒရုန်း အစီးရေ ၂၀၀ နီးပါးလောက် အုံနဲ့ကျင်းနဲ့ စေလွှတ် တိုက်ခိုက်ခဲ့ပါတယ်။ အဓိက ပစ်မှတ်ကတော့ ဂက်ဇ်ပရွမ် ကုမ္ပဏီပိုင် ကာပေါ့ညာ ရေနံချက် စက်ရုံပါ။ အဲဒီ စက်ရုံဟာ ရုရှားရဲ့ လောင်စာ ထုတ်လုပ်မှုမှာ အရေးအပါဆုံး အခြေခံ အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပါတယ်။
စက်ရုံကို ယူကရိန်း ဒရုန်းတွေ ထိမှန်ခဲ့တဲ့နောက် မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ ကောင်းကင်ယံဆီ ထိုးတက်သွားတာကို တွေ့ခဲ့ရပါတယ်။ မော်စကို အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရော့ဘ်ယော့ဗ်ကတော့ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
မော်စကို အရှေ့တောင်ပိုင်းမှာ နေထိုင်သူတွေကတော့ ရေနံချက်စက်ရုံ ပေါက်ကွဲမှုကနေ လွင့်စင်လာတဲ့ အနက်ရောင် ရေနံတွေဟာ မိုးဖွဲဖွဲရွာသလို ကျဆင်းလာပြီး အင်္ကျီတွေနဲ့ တခြားအသုံးအဆောင်တွေ ညစ်ပတ်ကုန်ကြောင်း ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ မော်စကိုရဲ့ အုပ်ချုပ်ရေး အရာရှိတွေကတော့ မြို့ထဲမှာ ရေနံမိုး ရွာတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။ မြို့တော်ဝန် ရုံးက ရေနံချက်စက်ရုံ အနီးတဝိုက်မှာရှိတဲ့ နေအိမ်တွေမှာ တံခါးတွေ အလုံပိတ်ထားကြဖို့၊ ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကြက်ညှာချောင်းဆိုး ရောဂါရှိသူတွေ အနေနဲ့ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ Telegramကနေ တိုက်တွန်းထားခဲ့ပါတယ်။
ယူကရိန်းဟာ မော်စကိုမြို့တော်ဆီ တိုက်ခိုက်တာ အပါအဝင် ရုရှားနိုင်ငံ အနှံ့ကို ၂၄ နာရီအတွင်း ဒရုန်းပေါင်း ၁၀၀၀ လောက်နဲ့ ခရုစ်ဒုံးကျည် ၄ စင်း ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ စစ်ပွဲတလျှောက် ယူကရိန်းက ရုရှားအပေါ် ဆင်နွှဲဖူးသမျှ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုလည်း ဖြစ်လာစေပါတယ်။ ရော့စတော့ဗ် တောင်ပိုင်းမှာရှိတဲ့ ရေနံ သိုလှောင်ကန် တစ်ခုလည်း ယူကရိန်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ယူကရိန်း လက်ချက်ကြောင့် ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်း တချို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေပါ ကြုံနေရပြီး အစိုးရဟာ ပြည်ပကို လောင်စာတင်ပို့မှုတွေကိုပါ ဆိုင်းငံ့ထားရပါတယ်။ ကာပေါ့ဇ်ညာ ရေနံချက် စက်ရုံဟာ ၄၈ နာရီအတွင်း ယူကရိန်းရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး စစ်ပွဲတလျှောက်မှာ ဆိုရင်တော့ တတိယ အကြိမ်မြောက် ပစ်မှတ်ထား ခံရခြင်းလို့လည်း သိရပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ မြို့တော် ကိယက်ဗ်ကို ရုရှားက တိုက်ခိုက်ခဲ့တာတွေအတွက် အခုလို တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်လက်ရာ ဘုရားကျောင်းကြီး တစ်ခု မီးလောင်ခဲ့ပါတယ်။
ဒီစစ်ပွဲကို ယူကရိန်းဟာ ဘယ်တုန်းကမှ မလိုလားခဲ့ကြောင်း၊ ဖြစ်လည်း မဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ ယူကရိန်း မီးလောင်ရင် မော်စကိုလည်း လောင်တိုက် အသွင်းခံရမှာဖြစ်ကြောင်း သူက သတိပေးသွားပါတယ်။
တစ်ဖက်မှာတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းကို အတိုင်းအတာ ပမာဏ ကြီးကြီးမားမားနဲ့ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ယူကရိန်းဖက်ကို စကားတွေနဲ့တင် ပြောနေဖို့ မလုံလောက်ဘူးလို့ သူအစောကြီးကတည်းက ယုံကြည်ခဲ့ကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေ အတောအတွင်း မော်စကိုမှာရှိတဲ့ လေဆိပ် ၄ ခုကို ယာယီ ပိတ်ခဲ့ရပြီး အကျိုးဆက် အနေနဲ့ လေကြောင်းခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့၊ ဒါမှမဟုတ် ဆိုင်းငံ့ခဲ့ရပါတယ်။
ယူကရိန်းဟာ ရုရှားမှာ ပြုလုပ်တဲ့ ဒရုန်း စစ်ဆင်ရေးတွေမှာ အယောင်ပြ ဒရုန်းတွေနဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ရောနှော စေလွှတ်ပြီး ရုရှား လေကြောင်းကာကွယ်ရေး စနစ်တွေရဲ့ တည်နေရာကို ကနဦး ဖော်ထုတ် မှတ်သားလေ့ရှိပါတယ်။ အဲဒီနောက်မှ တကယ့် ဖောက်ခွဲရေး ဒရုန်းတွေ အများအပြားကိုပါ အသုတ်လိုက် စေလွှတ်တဲ့ နည်းလမ်းမျိုးကို ယူကရိန်းက အသုံးပြုလေ့ ရှိပါတယ်။ စစ်ပွဲကာလ ၄ နှစ်ခွဲကျော် ကြာမြင့်လာတဲ့ အချိန်မှာတော့ ယူကရိန်းရဲ့ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေဟာ မော်စကို မြို့တော်ကိုပါ ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်စွမ်းမျိုး ပိုင်ဆိုင်လာပါတယ်။
ကိုးကား: BBC


















































