Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် စစ်တပ်အထိနာ

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

(၂၀၂၆ ဇွန်လ ၂၃ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ Mi-17 ရဟတ်ယာဉ်မီးလောင်နေစဉ်။ ဓာတ်ပုံ - Screengrab)

နေ့သစ်/People’s Spring

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

ဒီမြင်ကွင်းကို ဒရုန်းကင်မရာကနေရိုက်ချက်တွေကနေ ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။ ဒီမြင်ကွင်းတွေက ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဘက်က ထုတ်ပြန်တဲ့ ဒရုန်း စစ်ဆင်ရုပ်သံမဟုတ်ပါဘူး။ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက ဇွန် ၂၃ ရက် ညနေပိုင်းမှာ စစ်တပ်ရဲ့ Mi-17 ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ် ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG )ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပေါက်မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့ ကဦးဆောင်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း၊ MGY-PDF၊ အညာဖိုက်တာLocalတပ်ဖွဲ့နဲ့ စကားပြောက်ကျားတပ်ဖွဲ့ ၅ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း‌မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ ပျူစောထီးရွာ တွေကိုတော်လှန်ရေးတပ်တွေသိမ်းယူခဲ့ပြီးတဲ့နောက် စက်မှု( ၂)ထဲကို စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဟတ်ယာဉ်နဲ့ မေလ၂၅ရက် နေ့က အင်အား အများအပြားပို့ ဆောင်ခဲ့ပါတယ်။

အင်အားဖြည့်ထားတဲ့စစ်သားတွေကို တွင်းမ ပျူရွာဘက်ကို လည်းပို့ခဲ့ပြီး ဇွန် ၂၃ ရက်မှာ Mi-17နဲ့ အဲဒီစစ်သားတွေကို ပြန်လာခေါ်မယ်လို့ တော်လှန်ရေးတပ်တွေကတပ်တွေကသတင်းကြိုတင်ရထားပါတယ်။စစ်တပ်ရဟတ်ယာဉ်က စက်မှု(၂) ကစစ်သားတွေကို ခေါ်ပြီး တွင်းမပျူစေထီးရွာက စစ်သားတွေကိုဝင်ခေါ်ချိန် ဇွန်၂၃ ရက် ညနေ ၃ နာရီကျော်မှာ FPVဒရုန်းနဲ့တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။

ဒီလို မတိုင်ခိုက်ခင် စစ်တပ် စစ်ကြောင်းတွေ တွင်းမပျူစောထီးရွာနားက ရွာတစ်ရွာမှာ ညအိပ်နေချိန်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ ဂျန်ဘာကားကို စတင်တိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။ စစ်တပ် ဂျန်ဘာကားကိုတိုက်ပြီး နောက်မှာတော့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတပ်တွေက ကင်းထောက်ဒရုန်းတွေ ဝဲဖို့ ၊ စစ်ကြောင်းကို တိုက်ဖို့ အခွင့်အလမ်းရလာပါတယ် ။

ဇွန် ၂၃ ရက်ညနေမှာတော့ စစ်တပ်ရဲ့ Mi-17 လာတော့မယ်ဆိုတာကို ကြိုသိတာကြောင့် တော်လှန်ရေးတပ်တွေက ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ် ။ Mi-17 ရဟတ်ယာဉ်က ရဟတ်ယာဉ်က မြေပြင်ဆင်းသက်ပြီးစစ်သားတွေနဲ့ စ္စည်းတွေကိုအမြန်ချပါတယ်။အဲဒီနောက်မြေပြင်ကစစ်သားတွေကိုပြန်တင်ပါတယ် ။အဲဒီအချိန်မှာ ကောင်ကင်းမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်တဲ့ Mi-35 ကဝဲနေပါတယ် ။

ရဟတ်ယာဉ်က စစ်သားနဲ့ ပစ္စည်းတွေအတင်အချလုပ်နေတဲ့ မိနစ်ပိုင်းလေးအတွင်းမှာပဲတော်လှန်ရေးတပ်တွေက ရဟတ်ယာဉ် ရဲ့နောက်ပိုင်းကို ဒရုန်းနဲ့စတင်တိုက်ခိုက်လိုက်တာပါ ။ စစ်သားတဦးက ရဟတ်ယာဉ်ရဲ့နောက်ပိုင်းကအပေါက်ကို ပိတ်နေချိန်မှာ အသေခံဒရုန်းကတိုက်ခိုက်ခဲ့တာမှာ ပြင်းထန်စွာပေါက်ကွဲပြီး မီးခိုးလုံးကြီးထွက်လာပါတယ်။

အဲဒီစစ်သားကတော့ ပေါက်ကွဲမှုကြောင့်အဝေးကိုလွှင့်စဉ်သွားတာကိုတွေ့ရပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ရဟတ်ယာဉ်ကိုယ်ထည်ထဲက စစ်သားတွေ ရဟတ်ယာဉ်ပေါ်ကနေ ခုန်းချပြီး ဝရုန်းသုန်းကားထွက်ပြေးကြတာကို ကင်းထောက် ဒရုန်းက ရိုက်ကူးထားတဲ့ရုပ်သံမှာ မြင်တွေ့ရပါတယ်။

“RPG ကွဲအားနဲ့ ဘီးတွေရော ၊ဒေါက်တွေရော ကျိုးသွားတာ။အဲ ၁ စီး တက်ပြီးတော့ 35 (Mi 35) နဲ့ပစ်နေတာဗျ ။ပစ်တဲ့အချိန်မှာနယ်မြေခံအဖွဲ့တွေက ဆုတ်ခိုင်းတာပေါ့ ။ ဆုတ်ခိုင်းတဲ့အချိန်မှာ ကျွန်တော်က မဆုတ်သေးဘူး။ဒါကအပျက်အစီး နည်းနိုင်သေးတယ် ။ငါတို့ထပ်ချမယ် သူတို့ပစ်လည်း ငါတို့ခံမယ် ” လို့ပေါက်မြို့နယ် ပကဖ ဒရုန်းအဖွဲ့ တာဝန်ခံကစစ်ဆင်ရေးလုပ်ခဲ့ပုံကိုပြောပြပါတယ် ။

“သူတို့ပစ်နေရင်းတန်းလန်းနဲ့ နောက် ၁ စင်းထပ်တက်တာဗျ ။ထပ်တက်တဲ့အချိန်မှာ စက်ကသေသွားပြီပေါ့(ရဟတ်ယာဉ်စက်) ။အဲထဲက ပိုင်းလော့ ၂ ယောက်ကမထွက်သေးဘူး။စက်သေသွားတဲ့အချိန်မှာကျွန်တော်တို့က အပေါ်ပိုင်းက အင်ဂျင်ဦးပိုင်းကို ထိုးပြီးတိုက်ချလိုက်တာဗျ ။အဲအချိန်မှာ မီးတွေရော အကိုတို့တော့ ဗီဒီယိုဖိုင်ထဲမှာတွေ့ပြီးမှာပါ မီးတွေရော ၊ဘာတွေရောထွက်သွားတာ” လို့ အထက်ပါတာဝန်ခံက ဒရုန်းစစ်ဆင်ရေးကိုပကဖအသံကို ရှင်းပြပါတယ် ။

အခုလို စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာဟာ စစ်တပ်အတွင်းထဲက ဖရဲသီးတွေရဲ့တိကျတဲ့သတင်းပေးပို့မှုကြောင့် လုပ်နိုင်ခဲ့တာလို့ ပေါက်မြို့နယ် ပကဖ ဒရုန်းအဖွဲ့ တာဝန်ခံကဆက်ပြောပါတယ် ။

စစ်တပ်ဘက်က အရာရှိအချို့အပါအဝင် သေဆုံးဒဏ်ရာရသူ ၂၀ ခန့်ရှိနိုင်တယ်လို့တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။သေဆုံးခဲ့တဲ့ စစ်တပ်အရာရှိရဲ့ အလောင်းပုံတွေပါရထားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူခန့်မှန်း၂၀ လောက်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုအရေအတွက်ကို People’s Spring အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေရဲ့ခုခံတော်လှန်စစ်အတွင်း စစ်တပ်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကိုပစ်ချနိုင်ခဲ့တာ People’s Spring စုဆောင်းထားတဲ့အချက်အလက်တွေအရ အနည်းဆုံး ၁၅ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ် လေယာဉ် ၊ရဟတ်ယာဉ်တွေပျက်ကျတာ ၊ချို့ယွင်းတာအစီးရေး အနည်းဆုံး ၈ စီးရှိနေပြီဖြစ်ပါတယ် ။

ဒီတစ်ကြိမ်မှာတော့ အညာသား PDF တွေက FPV ဒရုန်းတွေနဲ့ စစ်တပ်ရဲ့ဒေါ်လာသန်းဆယ်ချီတန်တဲ့ ရဟတ်ယာဉ်ကို ဗျုဟာမြောက်တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စစ်တပ်က ငွေကြေးရရှိနိုင်တဲ့အရင်းအမြစ်တွေများစွာရှိသလို ၊ရုရှား၊တရုတ် စတဲ့ ပြည်ပနိုင်ငံတွေဆီက ဝယ်ယူထားတဲ့ အဆင့်မြင့်ဒရုန်းတွေ နဲ့ အဆင့်မြင့်ဒရုန်းနည်းပညာ ပိုင်ဆိုင်ထားပေမယ့် တော်လှန်ရေးတပ်တွေရဲ့ FPV ဒရုန်းတွေရဲ့နောက်ကောက်ချတာကိုခံရတာဖြစ်ပါတယ် ။

ဒါအပြင် PDF တွေ ၊ပကဖ တွေ အပါအဝင် တော်လှန်ရေးတပ်တွေက စစ်တပ်ကို FPV ဒရုန်းတွေသုံးပြီး စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရော ၊ မကွေးတိုင်းမှာရော ဒီလပိုင်းအတွင်းအထိနာအောင်တိုက်လိုက်လာနိုင်တာကို ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာအထင်အရှားတွေ့လာရပါတယ် ။

၂၀၂၅ မေလက ဗန်းမော်တိုက်ပွဲမှာလည်း ဗန်မော်ကို စစ်ကူလာပို့တဲ့ စစ်တပ်ရဲ့ရဟတ်ယာဉ် ၃စီးကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာမှာ ၂ စီးပျက်စီးခဲ့ပါတယ်။ရဟတ်ယာဉ် ၂စီးအနက် ၁စီးကပျက်ကျခဲ့ပြီးအခြား ၁စီးကတော့ ရွှေကူ ခလရ(၅၆) တပ်ရင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။အဲဒီလို အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စစ်တပ် ရဟတ်ယာဉ်ကို KIAက ထပ်မံ တိုက်ခိုက်ခဲ့လို့ ရဟတ်ယာဉ်ပျက်စီးခဲ့ပါတယ်။အဲဒီစစ်ဆင်ရေးမှာလည်း FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ရုပ်သံမှတ်တမ်းတွေမှာတွေ့ခဲ့ရပါတယ် ။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကိုတွေ့ရပါတယ် ။ချင်းပြည်နယ်မြောက်ပိုင်း၊ဖလမ်းမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို စုန်းမ ဒရုန်းတပ်ဖွဲ့က အထိနာအောင်တိုက်ခိုက်ခဲ့တာကို ၂၀၂၆ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့ စစ်ဆင်ရေးမှတ်တမ်းရုပ်သံမှာတွေ့ရပါတယ် ။

အမျိုးသမီးရဲဘော်တွေချည်းစုစည်းထားတဲ့ စုန်းမတပ်ဖွဲ့ကဖလမ်း မြို့နယ်ဘက် စစ် ကြောင်း ထိုးလာတဲ့စစ်တပ်ကို အသေခံဒရုန်းတွေသုံးပြီး တိကျစွာ တိုက်ခိုက်နိုင်ခဲ့တဲ့ သူတို့ရဲ့ စစ်ရေးစွမ်းရည်ကို ပြသလိုက်ပါတယ်။

“ယူကရိန်း -ရုရှား ရဲ့ တိုက်ပွဲတစ်ခုလို့တောင် ထင်မိတာ။ပုန်းနေပြေးနေတဲ့စစ်သားတွေတောင် မလွတ်သွားရှာဘူး”လို့ တိုက်ခိုက်မှုရုပ်သံမှတ်တမ်းကို ကြည့်ရှုခဲ့ရသူတစ်ဦးက အမျိုးသမီးရဲဘော်တွေကိုချီးမွမ်းပါတယ်။

WITCH (စုန်းမ) အဖွဲ့ဆိုတာ နိုင်ငံတကာတိုက်ပွဲအတွေ့အကြုံရှိတပ်သားတချို့ပါဝင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ဖွဲ့စည်းထားတဲ့ အမျိုးသမီးတပ်ဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့စစ်ဆင်ရေးမှာလည်း အသေခံဒရုန်းတွေရဲ့စွမ်းရည်ကိုမြင်တွေခဲ့ရပါတယ် ။

အလားတူတကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေမှာ စစ်တပ် စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တပ်တွေက FPV ဒရုန်းတွေအသုံးပြုပြီး အထိနာအောင်တိုက်ခိုက်နေကြောင်း PDF စစ်ရုံးချုပ်က ရုပ်သံမှတ်တမ်းနေနဲ့တကွ PDF စစ်ရုံးချုပ်က မေလ ၁၆ ရက်မှာထုတ်ပြန်ပါတယ် ။

ရုပ်သံမှတ်တမ်းတွေမှာ ဘန်ကာတွေမှာ ၊ကားပေါ်မှာ ၊ကင်းတဲတွေ နဲ့ သစ်တောတွေထဲ ဒရုန်းကြောက်လို့ပုန်းနေတဲ့ စစ်သားတွေကို ဒရုန်းတွေက လိုက်လံချေမှူန်းနေတာကိုတွေ့ရပါတယ် ။ အလားတူ ဇွန်လကုန်ကိုင်းမှာပြင်းထန်နေတဲ့ ရွှေကူ တိုက်ပွဲတွေမှာလည်း KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေကြောင့်ပဲ စစ်တပ်အထိနာနေတာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ် ။

စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ ၊ပေါ်တာဆွဲထားတဲ့ပြည်သူ့စစ်မှုထမ်း(ပစ)တွေကိုအများဆုံးအသုံးပြုပြီး ဒေသအစုံကို စစ်မျက်နှာဖွင့်နေတာမို့ စစ်တပ်ဘက်ကသေဆုံးဒဏ်ရာရသူအများစုကလည်း အဲဒီစစ်သားသစ်တွေဖြစ်နေပါတယ် ။ဒါကြောင့် စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင် ပြည်သူတွေပါးပါးနပ်နပ်နေကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းနေပါတယ် ။

စစ်ကိုင်းတိုင်း PDF တဦးက ” FPV ဒရုန်းတွေအစွမ်းနဲ့ စစ်ရေးအရ အသာစီးရနေတာက သေ‌ချာတည်ဆောက်ခဲ့ကြရတာပါ။ ကုန်ကျစရိတ်အရမ်းများတယ်။ မအောင်မြင်ခင်က အထိအခိုက်တွေလည်း ရှိခဲ့တယ်။ အခုကတော့ ရလဒ်တွေကောင်းနေပြီ” လို့ ပြောပါတယ် ။

မကွေးတိုင်း PDF တဦးကလည်းတိုက်ပွဲသတင်းကောင်းတွေကြားချင်ရင် လူထုကလည်း ပိုပြီး ထောက်ပို့ပေးဖို့ မေတ္တာရပ်ခံပြီး သူတို့ကရှေ့ကချမယ်လို့ဆိုပါတယ် ။

လက်ရှိမှာ တော်လှန်ရေးတပ်တွေ ရဲ့ ဒရုန်းနည်းပညာဟာ စစ်တပ်ထက်သာနေပြီလို့NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးဦးကျော်နီကသုံးသပ်ပြောပါတယ် ။

စစ်တပ်က ငွေကြေးများစွာသုံးပြီး ဒရုန်းနည်းပညာအဆင့်မြှင့်ခဲ့တာကြောင့် စစ်တပ်သုံးတဲ့ ဂျန်မာတွေကို မကျော်နိုင်လို့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေ တက်လို့မရတဲ့ အခြေအနေတွေ ၊ စစ်တပ်ဘက်က အဆင့်မြင့်ဒရုန်းတွေကြောင့်တော်လှန်ရေးတပ်တွေ တန်ပြန်ထိခဲ့တဲ့အခြေအနေ ကနေ ကြိုစားမှုတွေကြောင့် အခုဆိုရင် ဒရုန်းနည်းပညာမှာ စစ်တပ်ကို ကောင်းကောင်းယှဉ်နိုင်နေပြီလို့သူကပြောပါတယ် ။

“ကျွန်တော်တို့ဘက်က ပြန်တိုက်တဲ့အခါ သူတို့ဘက်က ဂျန်မာကိုမကျော်နိုင်တာ ၊ သူတို့ဘက်က တိုက်လာတဲ့အခါမှာ ကိုယ့် ဂျန်မာနဲ့မတားနိုင်တာ။ ဒီဟာမျိုးတွေ ရှေ့ပိုင်းမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီတော့ ခုနကပြောသလိုမျိုးပဲ လတ်တလောအားဖြင့် ဒီဟာတွေကို ကျော်လွှားနိုင်တဲ့ အဆင့်ပေါ့။ ကျော်လွှားနိုင်တဲ့ အခြေအနေတစ်ခုကိုရောက်ပြီလို့လည်း ပြောလို့ရတယ်။ အဲဒီတော့ စဉ်ဆက်မပြတ်လည်း ဆက်ပြီး တိုးချဲ့နေတာပဲ။ အဲဒီတော့ အခု ဒရုန်းနည်းပညာမှာတော့ အခုလတ်တလောအားဖြင့် ကျွန်တော်တို့ သူတို့ထက်သာနိုင်မယ့်နည်းလမ်းတွေ သာတဲ့ အပိုင်းတွေကိုရောက်ရှိနေတာကိုလည်း တွေ့ရပါတယ်”လို့ ဦးကျော်နီကပြောပါတယ် ။

ဒါပေမယ့်စစ်တပ်ကလည်း ဒီအခြေအနေတွေကို ပြန်သုံးသပ်ပြီး ဒရုန်းနည်းပညာအဆင့်မြှင့်ဖို့လုပ်တာ ၊ငွေကြေးနဲ့အရင်းအမြစ်တွေသုံးဝယ်ယူတာတွေလုပ်မှာ ဖြစ်တာမို့ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနည်းပညာဆက်တိုက်တိုးတက်နေအောင်လုပ်ဖို့လိုပါတယ် ။

“စစ်တပ်ကအမြဲတမ်း ဒါ Lesson Learned လုပ်တယ်။ ပြန်သာအောင်ကြိုးစားနေတယ်။ ဒီဟာကိုသိထားဖို့လိုတယ်ပေါ့။ အဲဒိတော့ သူထပ်ပြီးမသာနိုင်အောင်လို့ ကျွန်‌တော်တို့ ဘက်ကလုပ်ဖို့လိုမယ်။ ထပ်ကြိုးစားဖို့လိုတာပေါ့။ တစ်ခုခု အားသာပြီးတဲ့အခါမှာ ထပ်ပြီးတော့ ထပ်ပြီးတော့ကို ကျွန်တော်တို့ကထပ်အားစိုက်ပြီးတော့ သူပြန်ပြီးတော့ ခေါင်းမထောင်နိုင်တဲ့အထိ တစ်ခါတည်း နောက်ကောက်ဖြစ်သွားတဲ့အထိကို ကျွန်တော်တို့ဘက်က ကြိုးစားဖို့လည်းလိုပါတယ်။”လို့ NUG ဒုဝန်ကြီးကပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးရွာနယ်မြေ ရဲစခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျွန်းဦးရွာက အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။